တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သော ရှေ့နေဦးဇော်ဝင်းရုံးထုတ်တွင် ရွှေရောင်ဖိနပ်များဖြင့် လာရောက်ဝန်းရံ

0
183

မန္တလေး၊ မတ် ၂၈၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၏ တရားခွင် စစ်ဆေးပြီးချိန် တွင် တရားခွင်အရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့သော ရှေ့နေ ဦးဇော်ဝင်းအား မတ်လ ၂၈ ရက်နေ့၌ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရုံးထုတ်တွင် ပြည်ထောင်စု လယ်သမား၊ အလုပ်သမား အင်အားစုပါတီမှ ရွှေရောင်ဖိနပ်များဖြင့် လာရောက်ဝန်းရံခဲ့ကြောင်း သတင်းရရှိသည်။

ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ်၊ ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ တရားလိုပြုလုပ်၍ မတ်လ ၂၀ရက်နေ့တွင် နိုင်ငံတော် အကြည် အညိုပျက်စေ မှု ပုဒ်မ ၅၀၅ (ခ) ဖြင့်အမှုဖွင့်ခဲ့သည်။

“ကျွန်တော်က ဦးဇော်ဝင်းနဲ့ မတွေ့ဖူးပါဘူး။ ဒါပေမယ့် သူ့ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကိုအရမ်းလေးစားတယ်။ သူဟာ လယ်သမားတွေအတွက်လည်း ရပ်တည်ပေးတယ် ။ နောက်ပြီး တရားလွှတ်တော်ရှေ့နေ တစ်ယောက် ဖြစ်တဲ့အတွက် တရားရေး ယိမ်းယိုင် မယိုင်သူသိတယ်။ သူ့ကိုလေးစား လွန်းလို့ ရွှေရောင်ကတ္တီပါဖိနပ်နဲ့ လာကန်တော့တာဖြစ်တယ်” ဟု လာရောက် ဝန်းရံသည့် ပြည်ထောင်စု လယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ကိုမင်းသူက ပြောသည်။

ရှေ့နေဦးဇော်ဝင်းသည် မတ်လ ၁၅ ရက်နေ့က မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တရားရုံး တွင် တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့် မပေးဘဲ ထောင်ဒဏ် လေးလ ချမှတ်မှုအတွက် တရားခွင် စစ်ဆေးပြီးချိန် တွင် တရားခွင်ရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သူ ဖြစ်သည်။

အဆိုပါ ဖိနပ်ဖြင့် ပစ်ပေါက်မှုအတွက် တွဲဘက်တရားသူကြီး ဒေါ်အေးယုမွန် မှ မတ်လ ၁၆ ရက်နေ့တွင် ဦးဇော်ဝင်းအား ပြည်ကြီးတံခွန် မြို့မ ရဲစခန်း တွင် (ပ)၁၆၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့ဖြင့်လည်း အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply