ပဲဝယ်ယူရေးနှင့်ပတ်သက်ပြီး သီးသန့်ကိုတာ သတ်မှတ်ပေးရန် အိန္ဒိယယအစိုးရသို့ တင်ပြထား

0
162

ရန်ကုန် ၊ မတ်လ ၂၉ ၊ ၂၀၁၈

မြန်မာနိုင်ငံမှ ပဲများကို သီးသန့်ကိုတာသတ်မှတ် ဝယ်ယူပေးရန် အိန္ဒိယအစိုးရသို့ တရားဝင် Proposal တင်ပြထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

ထိုသို့ဝယ်ယူပေးရန် ယခုလ တတိယပတ်က အိန္ဒိယသံရုံးမှတဆင့် တင်ပြထားသော်လည်း အိန္ဒိယနိုင်ငံဘက်မှ လက်ရှိအချိန်ထိ ကြေညာချက်မထွက်ရှိသေးကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“အိန္ဒိယပေါ်လစီက ဒီလကုန်ရင် ပြည့်ပြီဆိုတော့ မပြည့်ခင်မှာ ကန့်သတ်ထားတဲ့ကိစ္စ ပြန်ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာကို သူတို့ဘက်က ဒါကို ဒီလ ၃၁ရက်မတိုင်ခင် ကြေညာမယ်လို့တော့ ပြောတယ်။အခုထိတော့ ကြေညာ ချက်မထွက်သေးဘူး။ ပဲကို ကိုတာနဲ့ ၀ယ်မယ်ဆိုရင် သီးသန့်ကိုတာနဲ့ ဝယ်ဖို့ ​တောင်းဆိုထားတယ်။ အဲ့တာကို စဉ်းစားမယ်လို့ပြောတယ်။”ဟု ၎င်းကပြောသည်။

ယခုလဒုတိယပတ် က မြန်မာနိုင်ငံကုန်သွယ်ရေး ဒုတိယဝန်ကြီးဦးအောင်ထူးနှင့် အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ပဲနှမ်းအသင်းကိုယ်စားလှယ်အဖွဲ့တို့ အိန္ဒိယနိုင်ငံအစိုးရတာဝန်ရှိသူများထံ သွားရောက်၍ မြန်မာနိုင်ငံမှ ပဲဝယ်ယူရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းခဲ့မှုတွင် မြန်မာနိုင်ငံဘက်မှကန့်သတ်ခြင်းခံထားရသည့်
မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံများ ရောင်းလိုသော တန်ချိန်ပမာဏကို မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနမှ အိန္ဒိယအစိုးရဘက်သို့ တင်ပေးရန်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ထုတ်လုပ်သူနှင့် စားသုံးသူ တိုက်ရိုက် ရောင်းဝယ်ခြင်းစနစ်ကို ​ရေရှည်တွင် တည်ဆောက်သွားရန်နှင့် နှစ်နိုင်ငံ အစိုးရချင်းG to G အရောင်းအဝယ်ပုံစံဖြင့် ပြုလုပ်ဖြစ်ပါက ငွေပေးငွေယူပိုင်းကို အကြွေးစနစ်ဖြင့်သွားရန် စသည့်အချက်တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က G to G ဝယ်မယ်ဆိုရင် အကြွေးစနစ်နဲ့ဝယ်မယ်။ ဒီစနစ်နဲ့ကို ဒီဘက်မှာက ရောင်းပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အဆင်သင့်ဖွဲ့ပြီးသားဖြစ်တဲ့အတွက် ဒီစနစ်နဲ့လဲ ရတယ်။ ပြဿနာမရှိဘူး။ အရေးကြီးတာက မြန်မာနိုင်ငံကို သီးသန့်ကိုတာသတ်မှတ်ပေးဖို့ ​တောင်းဆိုတယ်။ G to G ဝယ်မယ်ဆိုရင်လဲ ရောင်းပေးနိုင်တယ်လို့ ​ပြောခဲ့တယ်။ သူတို့ဘက်က ဒီဟာကို ဝန်ကြီးချုပ်နဲ့တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းမယ်လို့ ​ပြောတယ်။ အခုထိတော့ ဘာကြေညာချက်မှ မထွက်သေးဘူး”ဟု ဦးမင်းကိုဦးက ပြောသည်။

လက်ရှိတွင် ကိုတာစနစ်ဖြင့် မတ်ပဲ ၊ ပဲတီစိမ်းကို တန်ချိန် ၃ သိန်း ၊ ပဲစင်းငုံကို တန်ချိန် ၂ သိန်းဖြင့် အိန္ဒိယယနိုင်ငံသို့ တင်ပို့လျှက်ရှိပြီး သီးသန့်ကိုတာ သတ်မှတ်ပေးမည်ဆိုပါက မတ်ပဲ နှင့်ပဲတီစိမ်းကို တန်ချိန် ၄ သိန်း ၊ ပဲစင်းငုံကို တန်ချိန် ၂ သိန်း သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ဝေဝေဖြိုး

Leave a Reply