လောင်းကစားရုံများကြောင့် ရွှေမော်ဓော ဘုရားပွဲကို ပိတ်သိမ်း

0
154

ပဲခူး၊ မတ် ၃ဝ၊ ၂ဝ၁၈

ပဲခူးမြို့ ရွှေမော်ဓော ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်၌ ယခုနှစ်တွင်ထူးခြားစွာလောင်းကစားရုံများ ပါလာသည့် အပေါ် ဒေသခံများအကြား ဝေဖန်မှုများပြားလာသဖြင့် ပွဲတော်ရက်မပြီးမီ ကြားဖြတ်ပိတ်ထား လိုက်ရကြောင်း ရွှေမော်ဓောဘုရားလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

ရွှေမော်ဓေါဘုရားပွဲတော်ကြီးအား မတ်လ(၂၄)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့ အထိကျင်းပလျှက်ရှိရာဘုရားပွဲတော် ဈေးဆိုင် ခန်းများ၌ မြားပစ်လောင်း ကစား၊ တာယာကွင်းထဲဘောလုံးပစ်ထည့်သည့်လောင်းကစား၊ မဲနှိုက် လောင်းကစား၊ ဖဲသုံးချပ်လှန် လောင်းကစားခွက်မှောက် ခွက်လှန်လောင်း ကစားစသဖြင့် လောင်းကစားနည်းမျိုးစုံ(၁ဝ)ရုံကျော်လုပ်လာသဖြင့်
ဒေသခံများကြားဝေဖန်မှုများရှိခဲ့သည်။

“တစ်နှစ်မှလောင်းကစားရုံတွေဘုရားပွဲမှာခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါဘူး။ဒီနှစ်မှာဒီလိုထည့်သွင်းထားတာတော့မဖြစ်သင့် ပါဘူး။ ရန်ကုန်၊လှိုင်သာယာဘက်က လူမိုက်တွေလာလုပ်တယ်လို့သိရတယ်။ ပဲခူးရွှေမော်ဓောဘုရားပွဲတော် သမိုင်းကိုလည်း အကျဉ်းတန်စေပါတယ်။ ပြည်သူတွေ ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ငွေတွေ လောင်းကစားနဲ့ စိတ်ဆင်းရဲသွားတာမဖြစ်စေချင် ဘူး။ နယ်တွေကဘုရားပွဲလာကြတဲ့သူတွေကို လောင်းကစားဝိုင်းတွေ နဲ့မြူဆွယ်ပြီး ဒုက္ခရောက်အောင်လုပ်နေသလိုပါပဲ” ဟု ပဲခူးမြို့ မဇင်း ရပ်ကွက်မှ ကိုသက်လွင်က ပြောသည်။

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ကာ အရာရှိ(၁၅)ဦး၊ တပ်ဖွဲ့ ဝင်(၁၂၂)ဦး၊ ပေါင်း(၁၃၇)ဦးတို့ဖြင့် လုံခြုံရေးတာဝန်ယူဆောင်ရွက်လျှက်ရှိပြီး ဘုရားဝင်းအတွင်း ယာယီဗဟိုကင်းနှင့် ခြေရှေ့နောက်တောင်မြောက် မုဒ်ဦးများတွင်လည်းကောင်း၊ ရင်ပြင်တော်နှင့် အောက်ခြေ ဘုရားပွဲခင်း များတွင်လည်းကောင်း စောင့်ကြည့်မည့်အဖွဲ့များ ထားရှိကြောင်း လုံခြုံရေးကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ချပေးထားတဲ့ ဈေးဆိုင်ခန်းစာရင်းထဲမှာ စားသောက်ဆိုင်ခန်း အနေနဲ့ လျှောက်ထားပြီး ယခုတော့ လောင်း ကစားရုံလုပ်ငန်းတွေ ဖွင့်လှစ်ကြောင်းသိရတယ်။ ကျွန်တော်တို့အဖွဲ့တွေ တားမြစ်စာ ထုတ်ထား ပြီးပါပြီ။ ဆက်လက်လုပ် ဆောင်ပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာပါ” ဟု ရွှေမော်ဓောဘုရားပွဲသတင်းနှင့်ပြန်ကြားရေးကော် မတီဥက္ကဋ္ဌဦးအောင်ထွန်းက ပြောသည်။

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဒေသခံအင်အား ညစဉ် လူဦးရေငါးသောင်းကျော်ခန့် လာရောက်လည်ပတ်ကြပြီး ပွဲတော်အတွင်းဒေသထွက် ပစ္စည်းများ လာရောက် ရောင်းချသော အဖွဲ့များနှင့် ဇတ်ရုံကြီး(၄)ရုံ၊ ဗလာဇတ်(၂)ပွဲ၊ ဈေးဆိုင်ခန်းပေါင်း(၃ဝဝ)ကျော်၊ စားသောက်ဆိုင်(၅ဝ)ကျော်ရှိကြောင်း သိရသည်။

မိုးမြေ

Leave a Reply