အိမ်အကူကို မိန်းကလေးအား အက်ဆစ်ဖြင့် ပက်သူများကို ပထမဆုံး အကြိမ် ရုံးထုတ်

0
178

မန္တလေး၊ မတ် ၃၀၊ ၂၀၁၈

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့် ပက်ခြင်း ၊ မျက်စိကွယ်အောင်လုပ်ခြင်းတို့ ကျူးလွန်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူများကို မတ်လ ၃၀ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါသည်။

အက်စစ်နှင့် အပက်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မ…….ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အက်ဆစ်ဖြင့် အပက်ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ (၁) နေ့တွင် အဆိုပါ နေအိမ်မှ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

မ……ကို ၂၀၀၈ ခုနှစ်တွင် ဒေါ်မိုးမိုးမှ ၎င်းပိုင်ဆိုင်သော စတိုးဆိုင်တွင် တစ်လလျင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သောကြောင့် နေအိမ်တွင် အိမ်အကူအဖြစ် ဆက်လက် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်ဖြစ်သူမှ မ……….အား လူငယ်သဘာဝ ချစ်ရေး ဆိုခံခဲ့ရပြီး ဒေါ်နီနီနုနွယ်က မ….. ရေချိုးနေစဉ် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အက်ဆစ်ဖြင့် အပက်ခံခဲ့ရသောကြောင့် မ…….၏ ဘယ်ဘက်ဦးခေါင်း အပါအ၀င် ခန္ဓာကိုယ် တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကြောင်း လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့ကြောင်း စစ်ဆေးချက်များ အရသိရသည်။

ထို့နောက် မ…….အား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း သိရသည်။

ယင်းသို့ မ…….အား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ် နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးပြီး တရားရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

“ရာဇဝတ်အမှတ် ၉၀ နဲ့ တရားရုံးစွဲတင်တယ် ။ အမှုကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄ နဲ့ တရားရုံးစွဲတင်တာဖြစ်တယ် ။´´ ဟု မန္တ္တလေးခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးစောဝီလီက ပြောသည်။

နောက်တစ်ပတ်ရုံးချိန်းကို ဧပြီလ ၆ ရက်နေ့တွင် ရုံးချိန်းပေးခဲ့ပြီး ယင်းရုံးချိန်း ရက်တွင် တရားစွဲဆိုခံရသူဘက်မှ ထုချေခွင့်ရရန်ရှေ့နေ ပါဝါ တင်သွား မည်ဖြစ်ကြောင်း မန္တ္တလေးခရိုင်တရားရုံးက သိရသည်။

ထို့အပြင် မ……..က တရားလိုပြုလုပ်၍ ဒေါ်နီနီနုနွယ်နှင့် ယောက်ျားဖြစ်သူ သူရ (ခ) အားတီ ၊ အိမ်ရှင်ဖြစ် ဒေါ်မိုးမိုးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၃၄/၁၁၄ တို့ဖြင့် ထပ်မံအမှုဖွင့်ထားကာ သူရ (ခ) အားတီမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply