သင်္ကြန်ကာလ အဝေးပြေးကား လက်မှတ်ဈေးနှုန်းတိုးမြင့်ရောင်းချပါက တိုင်ကြားနိုင်

0
225

ရန်ကုန်၊ မတ်လ ၃၀ ၊ ၂၀၁၈

သင်္ကြန်ကာလအတွင်းအဝေးပြေးကားလက်မှတ်များကိုလက်ရှိပုံမှန် ဈေး ထက်တိုးမြင့်ရောင်းချပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေး တာဝန်ခံရုံးသို့ တိုင်ကြားနိုင်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

“အဝေးပြေးလိုင်းတွေအနေနဲ့လဲ လုံးဝဈေးတက်လို့မရပါဘူး။ တက်တယ်ဆိုရင်လဲ YRTA အဝေးပြေး တာဝန်ခံရုံးကိုတိုင်နိုင်ပါတယ်။ သင်္ကြန်ကာလမှာ စည်းကမ်းဖောက်တဲ့ယာဉ်တွေကို တိုင်လာရင် အရေးယူဖို့ကို ဆုံးဖြတ်ပါမယ်။သင်္ကြန်မှာပြေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး သင်္ကြန်မတိုင်ခင် ကြေညာမယ်။ပြေးမယ့်လမ်းကြောင်းရော အစီးရေ အတိကျ ရော ကြေညာမယ်။ အဲ့အတိုင်းပဲအဝေးပြေးလဲကြေညာပေးမယ်။ အခုက အတိကျမသိရသေးဘူး။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့်အဝေးပြေးကား အရေ အတွက် မလုံလောက်ပါက YBS ကားများဖြင့် ထည့်သွင်းပြေးဆွဲပေးရန် အဆင်သင့်စီစဉ်ထားပြီး အဝေးပြေးကားများ ပြေးဆွဲရေးနှင့်ပတ်သက်၍ ဈေးနှုန်းများ တိုးမြှင့်မရောင်းချစေရန်အတွက်လည်း ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ လက်ရှိတွင် အဝေးပြေးယာဉ်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းနေပြီးညှိနှိုင်းမှုရလဒ်များကိုသင်္ကြန်ကာလမတိုင်မီ ကြေညာ
ပေးမည်ဖြစ်သည်။

ဒဂုံဧရာအဝေးပြေး၊ မန္တလေးနှင့်ပြည်အဝေးပြေးတို့တွင် ပြေးဆွဲပေးရန် ယာဉ်လုံလောက်မှုမရှိပါက YBS ယာဉ်များ ထည့်သွင်းပြေးဆွဲပေးရန်စီစဉ်ထားရှိပြီး YRTA အဝေးပြေးတာဝန်ခံ ရုံးများတွင်လည်း လက်မှတ်များ လာရောက်ဝယ်ယူနိုင်ရန် ဘီနိုင်းများကပ်ထားပေးမည်ဖြစ်ကြောင်းသိရသည်။

“သင်္ကြန်နီးတော့ ကားလက်မှတ်တွေကို ဈေးတင်မရောင်းရဘူး။ ရောင်းရင် ဖမ်းမယ်ဆိုတာ ဒီအချိန်မှာ ပုံမှန်ပြောနေ ကျ စကားပါ။ဘာမှမထူးခြားပါဘူး။ နီးရင်တော့ မှောင်ခိုက လုပ်စားနေကြ တာပါပဲ။သက်ဆိုင်ရာ ဂိတ်တွေကို ညွှန်ကြားစာတွေ ပေးပို့ရုံနဲ့ ဒီကိစ္စက ပပျောက်မှာ မဟုတ်ဘူး။အဝေးပြေးက အက်ရှင်ယူနိုင်တဲ့ လူတွေက အဖွဲ့တွေ ဖွဲ့ပြီး နေ့စဉ် စိစစ်ကြပ်မတ်မှ အဆင်ပြေမယ်။ ခရီးသွားပြည်သူ တွေကို ဈေးတင်ရောင်းရင် တိုင်ပါလို့ ပြောပေမယ့် ခရီးသည်က တိုင်နိုင်မှာ မဟုတ်ဘူး။ သူတို့ လိုရာခရီးရောက်ဖို့ ပဲ အာရုံစိုက်ကြတော့ ဈေးကြီးလည်း ၀ယ်စီးကြတာပါပဲ။ အဝေးပြေး လက် မှတ် တွေ ဈေးတင်ရောင်းရင် အရေးယူမယ်ဆိုတဲ့ သတင်းက ဒီအချိန်ဆို ပုံမှန်ကြားနေရတဲ့ ဟာသတစ်ပုဒ်လို ပါပဲ။ မနှစ်ကဆို ၀င်းထဲမှာ လက်မှတ်ကိစ္စအတွက် ပြသနာတွေ အကြီးအကျယ် တက်ခဲ့ဖူးတယ်”ဟု အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များနှင့်ဈေးနှုန်းတိုးမြှင့်ရောင်းချမည့် ယာဉ်များကိုအရေးယူမည့်ကိစ္စများအား ညှိနှိုင်းနေပြီး ထိရောက်သည့် အရေးယူမှု ကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

“မနှစ်က ဖြစ်သွားတာက အဆိုးဆုံးက ကုမ္ပဏီမရှိဘဲ ညာရောင်းပြီးတော့ တကယ်ကားမပြေးတဲ့အခါမှာ ပြဿနာတွေတက်ကုန်တာပါ။အဲ့တာတွေကို စိစစ်ပေးတယ်။ဒီနှစ်ကတော့ လုံးဝမဖြစ်တော့ဘူး။ဘာကြောင့်ဆို ကြို ပြီးဝယ်ရင် ကုမ္ပဏီက တကယ်ဖွင့်ထားတဲ့ဆိုင်တွေမှာ သွားဝယ်ပါ။ လမ်းလျှောက် ပြီးရောင်းတဲ့ကားလက်မှတ်ကို လုံးဝမဝယ်ဖို့ ပြောထားပြီး သားပါ။YRTAမှာ လာတိုင်တဲ့ အမှုရှိပြီလားဆိုတော့ မနေ့ကထိတော့ မရှိသေးဘူး။”ဟု ဒေါက်တာမောင်အောင်ကပြောသည်။

၂၀၁၇ခုနှစ် သင်္ကြန်ကာလအတွင်းကအဝေးပြေးယာဉ်ပြေးဆွဲရေး အတွက် အစီး၅၀ ကျော်ပြေးဆွဲရန်စာရင်းများပေးခဲ့သော်လည်းအမှန်တကယ် ပြေးဆွဲမှုမှာ အစီးရေ ၂၀ ကျော်ခန့်သာပြေးဆွဲခဲ့ပြီး ယခုနှစ်ကိုလည်း ယခင်နှစ်အတိုင်းသာ ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး

ဓာတ်ပုံ – MK

Leave a Reply