ဂါဇာနှင့် အစ္စရေးနယ်စပ်တွင် ဆန္ဒပြမှုများဖြစ်ပွား၊ ၁၆ ဦးခန့်သေဆုံး

0
157

ဂါဇာစီးတီး မတ် ၃၁

ဂါဇာနှင့် အစ္စရေးနယ်စပ်တွင် ပါလက်စတိုင်းသားများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ဆုံမှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအစိုးရအရာရှိများကပြောဆိုခဲ့သည်။

ပါလက်စတိုင်းသားထောင်ပေါင်းများစွာသည် ရက်သတ္တပတ်ခြောက် ပတ်ကြာ ဆန္ဒပြမှုအဖြစ် နယ်စပ်သို့ ချီတက်ခဲ့ကြသည်။ အဓိကရုဏ်း အတွင်း စစ်သားများသည် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရကြောင်း အစ္စရေး စစ်တပ်ကပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် နယူးယောက်၌ အစည်းအဝေးပြုလုပ်ပြီး အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ပါလက်စတိုင်းသားများသည် ဆန္ဒပြရန်အတွက် နယ်စပ်နားတွင် ယာယီသပိတ်စခန်း ငါးခုဖွင့်ထားသည်။ ယခုအချိန်တွင် အစ္စရေးပိုင်နက်တွင်းရောက်ရှိနေပြီဖြစ်သည့် နေအိမ်များသို့ ဒုက္ခသည်များ ကို ပြန်လာခွင့်ပြုသင့်ကြောင်း ဆန္ဒပြသူများကတောင်းဆိုခဲ့သည်။ ဆန္ဒပြသူများသည် နေအိမ်သိုပြန်လာရေးချီတက်မှုကြီးဟု ၎င်းတို့၏ ဆန္ဒပြမှုကို အမည်ပေးထားသည်။

ပါလက်စတိုင်းပြည်သူများကို ကာကွယ်ပေးရန် ကုလလုံခြုံရေးကောင်စီအား ပါလက်စတိုင်းသမ္မတမာမွတ်အဘ္ဘာစ်ကတောင်းဆိုထားသည်။ နယ်စပ် စည်းရိုးနားရှိ စခန်းငါးခုတွင် ပါလက်စတိုင်းသား ၁၇၀၀၀ ခန့် စုဝေးနေ ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ( IDF) က ပြောဆိုခဲ့သည်။ ဂါဇာတစ်ဝိုက်ရှိနေရာသည် စစ်ဘက်ဆိုင်ရာနယ်မြေဖြစ်ကြောင်း တပ်ဖွဲ့ ကပြောဆိုခဲ့သည်။

ဆန္ဒပြသူအများစုသည် သပိတ်စခန်းများတွင်သာနေထိုင်ကြသော်လည်း လူငယ်တချို့သည် စည်းရိုးနားမကပ်ရန် သတိပေးချက်ကို အလေးမထားဘဲ အစ္စရေးစစ်တပ်ရှိရာဘက်သို့ သွားခဲ့ကြသည်။ ဆန္ဒပြသူများသည် စည်းရိုးဘက်သို့ ဓာတ်ဆီဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဓိကရုဏ်းကိုအင်အားသုံးနှိမ်နင်းခဲ့ရခြင်းဖြစ်ကြောင်း IDF ကပြောဆိုခဲ့ သည်။

သေဆုံးသူများမှာ နယ်စပ်စည်းရိုးကိုဖျက်ဆီးရန် ကြိုးပမ်းခဲ့ သူများဖြစ်
ကြောင်း စစ်တပ် ကပြောဆိုခဲ့သည်။ အစ္စရေးစစ်တပ်သည် နယ်စပ် တစ်လျှောက်တွင် သံချပ်ကာယာဉ်များနှင့် လက်ဖြောင့် တပ်သား များကို တာဝန်ပေးချထားလိုက်ပြီဖြစ်သည်။ မျက်ရည်ယိုဗုံးများကြဲချရန် မောင်းသူမဲ့ ယာဉ်များကိုလည်း အသုံးပြုခဲ့ကြောင်း မျက်မြင်သက်သေ များကပြောဆို ခဲ့သည်။

ပါလက်စတိုင်းမြေကို တစ်လက်မမှ အဆုံးရှုံးခံမည်မဟုတ်ကြောင်း ဟာ့မာ့စ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် အစ္စမေးလ် ဟာနီယာက ပြောဆို ခဲ့သည်။ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်မှုကြောင့် လူ ၄၀၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေး ဝန်ထမ်းများက ပြောဆိုခဲ့သည်။

အစ္စရေးအစိုးရက မြေသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ၁၉၇၆ ခုနှစ်တွင် မတ် ၃၀ ရက်တွင် ပါလက်စတိုင်းသားများ ဆန့်ကျင် ဆန္ဒပြခဲ့ရာ အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူခြောက်ဦး သေဆုံးခဲ့မှုကို အမှတ်ရသည့်အနေဖြင့် မြေယာနေ့အထိမ်းအမှတ်ကို ပုံမှန်ပြုလုပ်ခဲ့သည်။ ယခုဆန္ဒပြမှုများကို မေ ၁၅ ရက်တွင် အဆုံးသတ် မည်ဟု စီစဉ်ထားသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံတည်ထောင် မှုကြောင့် ပါလက်စတိုင်းသားထောင်ပေါင်းများစွာ နေအိမ်များကိုဆုံးရှုံးခဲ့ရပြီး ယင်းကို ပါလက်စတိုင်းသားများက နက်ခ်ဘာ( အဖြစ်ဆိုးကြီး) ဟုခေါ်ဆို ကာ မေ ၁၅ ရက်နေ့ရောက်တိုင်း နက်ခ်ဘာနေ့ကို ပုံမှန်ပြုလုပ်ခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply