၂၅ နှစ်ကျော် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်အမှား မချဖူးကြောင်း မန်းတိုင်းဝန်ကြီးချုပ်ပြော

0
162

မန္တလေး၊ မတ် ၃၁၊ ၂၀၁၈

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလုပ်လာသည့် ၂၅ နှစ်ကျော် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆုံးဖြတ်ချက်အမှား မချဖူးကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မတ်လ ၃၁ ရက်နေ့မှယ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်ညီလာခံတွင် ပြောကြားခဲ့သည်။

ယင်းလူငယ်ညီလာခံကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့တွင်လည်း နေပြည်တော်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံ ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုက်ထိုက်တန်တန်နဲ့ ခေါင်းဆောင် ကောင်း ရထားတယ် ။ အဲ့ဒီခေါင်းဆောင်ကောင်းနောက်မှာ ဖဝါးခြေထပ် လျှောက်ဖို့ အရေးကြီးပါတယ် ။ ဒီလိုခေါင်းဆောင်မျိုး တစ်သက်နဲ့ တစ်ခါပဲ ရမယ် ။ ရလာတဲ့အခိုက်အတန့်ကို အမိအရဆုတ်ကိုင်ရမယ်။ ဒီခေါင်း ဆောင် နောက်က ဖဝါးခြေထပ်လိုက်ရပါမယ်။ကျွန်တော် တို့ရဲ့ခေါင်း ဆောင် (ဒေါ်အောင်ဆန်းစုကြည်) နဲ့ အတူတွဲလုပ်တာ နှစ်ပေါင်း အစိပ်ကျော်ပြီ ဆုံးဖြတ်ချက်မှားတယ်ဆိုတာ တစ်ခါမှမကြုံဖူးဘူး။ မှန်တဲ့ ဆုံးဖြတ်ချက်တွေချည်းပဲ ချခဲ့တယ် ။ ယုံနိုင်စရာတောင်မရှိဘူး ။ ဘာလို့ သူများတွေထက်သာနေလဲဆိုတာ ကျွန်တော်တို့ ဉာဏ်နဲ့ လိုက်မမီဘူး။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ထို့အပြင် ယနေ့ခေတ်လူငယ်အများစုအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပိုမိုယုံကြည်လာမှုကိုတွေ့ရှိကြောင်း ၊ လူငယ်များ အနေဖြင့်လည်း လူကြီးများထက် ပိုမိုထက်မြတ်အောင် လုပ်ဆောင်သင့် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

နိုင်လင်းဦး

Leave a Reply