နေရောင်ပြအင်းဘုရား ထီးတော်မဏ္ဍိုင်ကျိုးကျ စေတီတော်လုံခြုံရေးတင်းကြပ်ထား

0
190

နေပြည်တော်။ မတ် ၃၁။ ၂၀၁၈

ယနေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေပြည်တော်တွင် သစ်ပင်များပြိုကျခြင်း မီးပျက်ခြင်းများအပြင် နေရောင်ပြအင်းဘုရား ထီးတော်မဏ္ဍိုင်ကျိုးကျမှုဖြစ်ပေါ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။

“ဟုတ်ပါတယ်။ ညနေ ၆ နာရီခွဲလောက်က ဖြစ်သွားတာပါ” ဟု ဘုရားဂေါပက အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးသိန်းဇော်က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်​သွယ်​​မေးမြန်းချက်​အား အတည်ပြု ဖြေကြားခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြို့နယ် ရဲတပ်ဝင်များအား အကြောင်းကြားခဲ့ပြီး လုံခြုံရေးများချထားကြောင်း ဦးသိန်းဇော်က ပြောသည်။

“လုံခြုံရေးတွေ ချထားပါတယ်။ မနက်ဖြန်ကစပြီး ဘုရားရင်ပြင်တော်ပေါ်ကို တက်ရောက်ဖူးမြှော်ခွင့်လည်း ခေတ္တပိတ်ထားပါမယ်။ ဘုရားထီးပြန်တင်ဖို့ဆိုတာကလည်း သက်ဆိုင်ရာကို အကြောင်းကြားပြီး ပြန်လည်ထီးတင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ဦးသိန်းဇော်က ပြောသည်။

ဘုရားထီးတော်မဏ္ဍိုင်ကျိုးကျခြင်းနှင့်ပတ်သက်၍လည်း သေသေချာချာ စစ်ဆေးသွားမည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။

၎င်းစေတီတော်အား ပြုပြင်မွမ်းမံမှုများပြုလုပ်၍ ဇန်နဝါရီလ ၄ ရက်နေ့က ထီးတော်တင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်​ပုံ-​နေ​ရောင်​ပြအင်းဘုရားအား ထီး​တော်​မတင်​ခင်​က ​တွေ့မြင်​ရစဉ်

ယဉ်​​ကေနွယ်

Leave a Reply