သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး

0
161

မန္တလေး၊ ဧပြီ ၁၊ ၂၀၁၈

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများကို လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးခြင်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး စည်းကမ်းပျက် ယာဉ်များနှင့် စည်းကမ်းပျက်ယာဉ်မောင်းများကို အရေးယူသွားမည့်အကြောင်း ယာဉ်ထိန်းရဲများက ဟောပြောခဲ့သည်။

“သင်္ကြန်တွင်းမှာ အရက်သေစာသောက်စားပြီး ယာဉ်မောင်းတာတွေကို အရေးယူသွားမယ်။ နောက်ပြီး ဆူညံအောင် လုပ်ထားတဲ့ အိပ်ဇောတွေ တပ်ထားတဲ့ ဆိုင်ကယ်တွေကို သင်္ကြန်မတိုင်ခင်ရော သင်္ကြန်တွင်းမှာပါ အရေးယူမယ်။ လူငယ်တွေအနေနဲ့ ဆိုင်ကယ်မောင်းရင် ဦးထုပ်စောင်းစေချင်တယ်´´ ဟု အမှတ်(၈၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီးမြို့နယ်)မှ ရဲအုပ်​အောင်ကျော်မိုးက ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးရေးလုပ်ဆောင်ရာတွင် ယာဉ်ထိန်းရဲများအပြင် နယ်မြေခံရဲတပ်ဖွဲ့မှလည်း ကူညီဆောင်ရွက်မှုများရှိပြီး စည်းကမ်းပျက်ယာဉ်များ အရေးယူရာတွင် ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

“အခုလို ပညာပေးတော့မယ်ဆိုရင် ဦးထုပ်မဆောင်းတာတွေကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ကပါ ပူးပေါင်းတားစီးပြီး အသိပညာပေးတာကို နားထောင်ခိုင်းတယ်။ ဒါမှလည်း အများပြည်သူက လိုက်နာရကောင်းမှန်းသိပြီး စည်းကမ်း လိုက်နာကြမှာဖြစ်တယ်´´ ဟု ပုသိမ်ကြီးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမင်းသိန်းက ပြောသည်။

သင်္ကြန်တွင်း၌ ဖမ်းဆီးရမိသည့် စည်းကမ်းပျက်ယာဉ်များနှင့် ယာဉ်မောင်းများကို ဖမ်းဆီးပြီး တရားရုံးတင် စစ်ဆေးအရေးယူခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply