ဗိုလ်မှူးချုပ် အယောင်ဆောင်၍ လက်နက်ကိုင်ဆောင်သူကို ဖမ်းဆီးအရေးယူ

0
154

မန္တလေး၊ ဧပြီ ၁၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာတွင် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့် အယောင်ဆောင်၍ လက်နက်ကိုင်ဆောင်သူကို မတ်လ ၃၁ ရက်နေ့က အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေငယ်ကျေးရွာရှိ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်အဆင့် ယူနီဖောင်းဝတ်ဆင်ထားသူကို မသင်္ကာ၍ စစ်ဆေးရာမှ အယောင်ဆောင်မှုပေါ်ပေါက်ခဲ့ပြီး ၄င်းထံမှ ၉ မမ ပစ္စတိုသေနတ်အမျိုးစား တစ်လက် ၊ ကျည် (၇) တောင့်ပါ ကျည်အိမ် (၁) ခု၊ ကျည် (၈) တောင့်ပါ ကျည်အိမ် (၁) ခု နှင့် ကျည် (၁၇) တောင့်ပါ အိပ် (၁) လုံး စုစုပေါင်း ကျည် (၃၂) တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

“အခြားလက်နက်ကိုင်အဖွဲ့ကတော့ မဟုတ်ဘူး ။ ယူနီဖောင်းက ဗိုလ်မှူးချုပ်အဆင့် ယူနီဖောင်း ဒါပေမယ့် ကော်လံတံဆိပ်မပါဘူး ။ လိမ်ချင်ယုံပဲ တခြားဘာအကြောင်းအရာမှတော့ မပေါ်ပေါက်သေးဘူး ။´´ ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဗိုလ်မှူးချုပ်အဆင့်အယောင်ဆောင်သူမှာ မူဆယ်မြို့တွင်နေထိုင်သည့် ဦးညွှန့်စိန် (၅၈) နှစ်ဖြစ်ပြီး ဖမ်းဆီးရမိသည်မှာ မတ်လ (၂၇) ရက်ကတည်းကဖြစ်သော်လည်း အရေးယူရန်အတွက် အထပ်ဌာနအဆင့်ဆင့်သို့ တင်ပြနေရသောကြောင့် အမှုဖွင့်အရေးမယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့အထပ်ဌာနအဆင့်ဆင့်သို့ တင်ပြအပြီး မတ်လ ၃၀ ရက်နေ့တွင် တပ်နယ်မှူးရုံး (ပြင်ဦးလွင်) မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆောင်ရွက်ရန်ညွှန်ကြားချက်ထွက်သည့်အတွက် မတ်လ (၃၁) ရက်နေ့တွင် လက်နက်ကိုင်ဆောင်ခဲ့သည့် ဦးညွှန့်စိန်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် (ပ) ၂၅/ ၂၀၁၈ ၊ လက်နက်ပုဒ်မ ၁၉(စ)အရလည်းကောင်း၊ (ပ) ၂၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၀ အရလည်းကောင်း ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply