ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များ

0
128

ရန်ကုန်၊ ဧပြီ ၁၊ ၂၀၁၈

ပဉ္စမလှိုင်းမီဒီယာ ရဲ့ သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံးတင်ပြချင်တဲ့သတင်းကတော့ မြန်မာနိုင်ငံမှာ သမ္မတအသစ် တင်မြောက်လိုက်တဲ့သတင်းကို တင်ပြချင်ပါတယ်။ မတ်လ ၂၁ရက်နေ့က ရာထူးကနေနှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော်ရဲ့ နေရာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးဝင်းမြင့်ကို ခန့်အပ်လိုက်ပါတယ်။ လွှတ်တော်မှာ သမ္မတအသစ်အတွက် မဲပေးရွေးချယ်ရာမှာ ထောက်ခံမဲ ၄၀၃မဲအထိ ဦးဝင်းမြင့်က ရရှိခဲ့ပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ကနေ လာတဲ့ သမ္မတတစ်ယောက်ဖြစ်သလို ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့လက်ထက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေးတွေ တိုးတက်ပြောင်းလဲလာမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဦးဝင်းမြင့်ဟာ NLDမှာ အတွေ့အကြုံရင့်ကျက်တဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်သလို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားကိုးရတဲ့ နောက်လိုက်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်၃နှစ်တာ ကာလအတွင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မယ်လို့ ယူဆရပါတယ်။

အခုတင်ပြချင်တဲ့သတင်းကတော့ နေပြည်တော်က နေရောင်ပြအင်းဘုရားကြီးရဲ့ ထီးတော်နဲ့ မဏ္ဍိုက်တော် ဟာ မတ်လ ၃၁ရက်နေ့မှာ ရွာတဲ့မိုးနဲ့လေကြောင့် မြေခခဲ့ရပါတယ်။ အဆိုပါ ဘုရားကြီးဟာ လွန်ခဲ့တဲ့ ၃လက ထီးတော်တင်လှူထားတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ နေရောင်ပြအင်းဘုရားကြီးကို ထီးတင်ရင် ပျဉ်းမနားမြို့ ရေလွှမ်းမိုးမယ်ဆိုတဲ့ စကားတွေလည်းရှိခဲ့ဖူးပါတယ်။ ယခု ဘုရားကြီးရဲ့ မဏ္ဍိုက်တော် မြေခမှုအတွက် ဒေသခံတွေကြားမှာ တော့ ကြားဖူးထားတဲ့ ပျဉ်းမနားမြို့ရေလွှမ်းမယ့်စကားကို ပိုပြီး အပြောများလာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဘယ်လိုဆက်ဖြစ်လာလေမလဲဆိုပြီး နားစွင့်လျှက် ရှိနေကြပါတယ်။ ဘုရားကြီးကို ထီးတော်အသစ် ထပ်မံကပ်လှူဖို့အတွက်တော့ လတ်တလောမှာ ဘာမှ ပြင်ဆင်ဆုံးဖြတ်မှုတော့ မရှိသေးပါဘူး။

တတိယတစ်ပုဒ် တင်ပြချင်တာကတော့ ရေတိုစီးပွားရေး လုပ်ချင်ရင် ဖဲရိုက်ပါလို့ ပြောခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်အထူး အထွေထွေ အစည်းအဝေးမှာ ယခုစကားကိုပြောခဲ့တာပါ။ မြို့တော်ဝန်ဟာ ဘတ်စ်ကားလုပ်ငန်းနဲ့ပတ်သက်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ဆိုခဲ့ပြီး အရှုံးအမြတ် အမြန်လိုချင်ရင် ဖဲရိုက်ဖို့ ဥပမာပေးပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားလုပ်ငန်းဟာ ရေရှည်စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် နောင်ရေး စိတ်အေးလိုရင်တော့ ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ရန်ကုန်မြို့တော်ဝန်ရဲ့ ပြောစကားဖြစ်တဲ့ ရေတိုစီးပွားရေး လုပ်ချင်ရင် ဖဲရိုက်ပါ။ အရှုံးအမြတ် အမြန်သိရမယ်ဆိုတဲ့ စကားကတော့ Facebook လူမှုကွန်ရက်မှာ လူပြောများတဲ့ စကားဖြစ်ခဲ့ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အစိုးရ အဖွဲ့ဝင်ဖြစ်တဲ့ မြို့တော်ဝန် အနေနဲ့ စကားကို ထိန်းသိမ်းပြောဆိုသင့်တယ်လို့ ထင်မိပါတယ်။ ဖဲရိုက်ပါ ဖဲဝိုင်းထောင်ပါဆိုတဲ့စကားဟာ လမ်းဘေးက ဆိုက္ကားသမား အရက်သမား ကူလီသမားတွေပြောဆိုတဲ့ စကားအဆင့်သာ ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုကို စကားပြောဆိုတဲ့အခါမှာ နားဝင်အောင် သိမ်မွေ့စွာ ပြောဆိုသင့်ပါတယ်။အပြောမတတ်တော့ ဆဲသလိုမဖြစ်ရလေအောင် သတိထားသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

အခုတင်ပြမှာကတော့ မီးသင့်မင်္ဂလာဈေးကြီးကို ၂၀၂၀ ခုနှစ် ၁၀လပိုင်းမှာ ပြန်ဖွင့်နိုင်အောင် စတင်ဆောက်လုပ်နေပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ မီးလောင်ပြီး ၂နှစ်ကျော်ကြာတဲ့အထိ လုပ်ငန်း မစနိုင်သေးတဲ့ ဈေးတည်ဆောက်ရေးကို ဧပြီ ၁ရက်နေ့မှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဈေးသည်တွေဟာ ဈေးနဲ့ နီးစပ်ရာ နေရာတွေမှာ ဆိုင်ခန်းတွေ ငှါးပြီး ဖွင့်လှစ်ရောင်းချနေကြပါတယ်။ ဈေးသည်တွေဟာ ဆိုင်ခန်းငှါးပြီး အရောင်းအဝယ် မပျက်အောင် လုပ်ကိုင်ရတဲ့အတွက် အပိုငွေကုန်ကျမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဈေးသစ်ကြီးကို အမြန်ဆုံး တည်ဆောက်ပြီး ကိုယ့်ဆိုင်နေရာမှာ ကိုယ်ပြန်ရောင်းချဖို့ ဆန္ဒရှိနေကြပါတယ်။ မီး၂ကြိမ်လောင်ခဲ့တဲ့မင်္ဂလာဈေးကြီးဟာ ၂၀၂၀မှာ သတ်မှတ်ထားတဲ့အတိုင်း ပြီးမပြီးနဲ့ ဆိုင်ခန်းနေရာတွေကို ဘယ်လိုပြန်လည် ခွဲဝေပေးမလဲဆိုတာတွေကတော့ ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဈေးတွေ အသစ်တည်ဆောက်မယ်ဆိုတဲ့ သတင်းထွက်လာရင် သိပ်မကြာခင်မှာပဲ ဈေးမီးလောင်တဲ့ ကိစ္စတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံးတော့ ဈေးသစ်တည်ဆောက်ရေးတွေ လုပ်ကိုင်ပြီး ဈေးသည်တွေအတွက် ဆိုင်ခန်းနေရာတွေ ပြန်ချပေးလေ့ရှိပါတယ်။ တဆက်ထဲမှာပဲ ဆိုင်ခန်းပေအကျယ်အကျဉ်းကိစ္စတွေ ဆိုင်ခန်းအပိုတွေကို ခွင်ဖန်တီးတဲ့ဖြစ်ရပ်တွေကလည်း ဈေးသစ်ဖွင့်တိုင်း ကြုံရလေ့ရှိတဲ့ ပြသနာတွေ ဖြစ်ပါတယ်။ မင်္ဂလာဈေးကြီး တည်ဆောက်လို့ ပြီးသွားတဲ့အခါ ဘယ်လိုအသံတွေကြားရမလဲ။ အားလုံး သမာသမတ်ကျကျ ပြီးဆုံးမလားဆိုတာ ဆက်ကြည့်ရပါမယ်။

ဒီတစ်ခါတော့ နိုင်ငံရေးသတင်းတစ်ပုဒ်ကို တင်ပြပါမယ်။နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ဆောင်ဖို့သာမကဘဲ ပြည်သူ့အကျိုးကိုပါ ဆောင်ရွက်ဖို့လိုတယ်လို့ စစ်တွေမြို့က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ကဆိုလိုက်ပါတယ်။စစ်တွေ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဒေါ်အေးမာခင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ကယ်ဆယ်ရေးရွာသစ် မှာ မတ်လ ၃၀ ရက်နေ့က ကိုယ်ထူကိုယ်ထသံကွန်ကရစ် တံတား ဆောက်လုပ်နေမှုအတွက် ဘိလပ်မြေ အိတ်တွေ လှူဒါန်းရင်း ပြောသွားတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီအများစုဟာ လက်ရှိမှာတော့ ရွေးကောက်ပွဲအကြို ကာလလောက်သာ ပြည်သူနဲ့ အနီးစပ်ဆုံးနေထိုင် လှုပ်ရှားကြပြီး ရွေးကောက်ပွဲ အလွန်ကာလတွေမှာတော့ ပြည်သူတွေဆီကို မလာတတ်တော့တာ သဘာဝပါပဲ။ ကိုယ့်ကို ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူလူထုတွေ ဘယ်လို ဒုက္ခတွေ ရင်ဆိုင်နေကြရသလဲ။ ဘယ်လို လိုအပ်ချက်တွေ ဖြစ်နေသလဲ။ ပြည်သူတွေအနေနဲ့ အစိုးရကို ဘာပြောချင်သလဲ စသဖြင့် ပြည့်သူ့အသံကို မင်းအစိုးရက ကြားရအောင် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အမတ်တွေက အားထုတ်တင်ပြရမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံ သဘောတရားပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမှာတော့ ပါတီတွေဟာ မဲနိုင်ဖို့အတွက် ပြည်သူတွေကို နည်းမျိုးစုံနဲ့ မဲဆွယ်ကြပေမယ့် အနိုင်ရလို့ နေရာတစ်ခုရတဲ့အခါ ပြည်သူတွေဆီကို ယခင်ကလို သိပ်ပြီး မသွားလာနိုင်တော့ပါဘူး။ တာဝန်တစ်ခုကို လက်ဝယ်ရောက်ရှိလို့ ယူထားရချိန်မှာ မဲဆန္ဒရှင်တွေနဲ့ ဝေးကွာသွားတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ သို့သော်လည်း အောက်ခြေပြည်သူတွေ အခြေခံ လူတန်းစားတွေဘာဖြစ်နေကြသလဲ၊ စီးပွားရေး သမားတွေ ဘာတွေခက်ခဲနေသလဲ အပါအဝင် တိုင်းသူပြည်သားတွေရဲ့ အခြေအနေတွေကိုတော့ တာဝန်ရရှိထားတဲ့သူတွေ သိဖို့လိုပါမယ်။ သိမှသာ လိုအပ်တာတွေ ဖြည့်ဆည်းရင်း အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအောင်နိုင်ဖို့လည်း ကြိုးစားကြပါ။ ပြည်သူ့အကျိုးကိုလည်း မေ့မထားကြပါနဲ့လို့ နိုင်ငံရေးပါတီတွေကို အကြံပြုလိုက်ပါရစေ။

အခုတင်ပြချင်တာကတော့ အနုပညာ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လတ်တလော ပြီးဆုံးသွားတဲ့ အကယ်ဒမီ ပေးပွဲမှာ တေးဂီတ ဆုရရှိခဲ့တဲ့ စန္ဒရား ဦးတင်ဝင်းလှိုင်ရဲ့ ပြန်ကြားရေးဝန်ကြီးအပေါ်ပြောဆိုချက်တွေနဲ့ ပြန်ကြားရေးဌာနအပေါ် ဝေဖန်မှုတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ပြန်တောင်းပန်ဖို့ ဦးတင်ဝင်းလှိုင်ကို တောင်းဆိုလိုက်ပါတယ်။ စန္ဒရား ဦးတင်ဝင်းလှိုင်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေကို ဝေဖန်ထောက်ပြခဲ့ပြီး ပြန်ကြားရေးဝန်ကြီးကိုလည်း ဖြစ်ပျက်နေတဲ့ ဌာနတွင်းအခြေအနေတွေကို ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဖြေရှင်းချက်၊ သတိပေးချက်၊ ထုတ်ပြန်ချက် တွေကို သူတို့ရဲ့ နိုင်ငံပိုင် သတင်းစာမှာရော သူတို့ရဲ့ Facebook Page မှာပါ ရေးသားဖော်ပြပြီး ပြန်ရှင်းခဲ့ပါတယ်။ ဒါ့အပြင် စန္ဒရား ဦးတင်ဝင်းလှိုင်အနေနဲ့ ပြန်တောင်းပန်ဖို့ သတင်းစာရှင်းလင်းပွဲပါ ထပ်မံပြုလုပ်ပြီး ရှင်းလင်းလာကြပါတယ်။ ပြောဆိုဝေဖန်ခဲ့သူ စန္ဒရား ဦးတင်ဝင်းလှိုင်ကတော့ ပြန်ကြားရေးအနေနဲ့ ခြေထောက်ဖက်ပြီးတောင်းပန်မှ ကျေနပ်မယ်ဆိုရင် သူ့အနေနဲ့ ခြေထောက်ဖက်ရုံတင်မကဘဲ အကြောပါလျော့ပေးဦးမယ်လို့ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာ စန္ဒရားဦးတင်ဝင်းလှိုင်အနေနဲ့ ပြန်ဝန်ဌာနနဲ့ ဝန်ကြီးကို လူပုံအလယ်မှာ အရှက်ရအောင် ပြောဆိုဝေဖန်ခဲ့မှုဟာ မှားတယ်လို့ မဆိုလိုချင်သလို မှန်ပါတယ်လို့လည်း မပြောလိုပါဘူး။ ဒါဟာ သူ့ရဲ့ တစ်သီးပုဂ္ဂလ ခံစားချက်ကို ထုတ်ဖော်ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ယခုဖြစ်စဉ်အပေါ် ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်မှုကတော့ မှားတယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဌာနအပေါ် ဝေဖန်ပြောဆိုခဲ့မှုကို ပြန်လည်ဖြေရှင်းရာမှာ စာတစ်စောင်နဲ့သော်လည်းကောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုနဲ့သော်လည်းကောင်း ဥပဒေကြောင်းအရ တရားစွဲဆိုမှု တစ်ခုနဲ့သော်လည်းကောင်း စသဖြင့် ကိုင်တွယ်လို့ရပါတယ်။ ဒါပေမယ့်လည်း ဖြေရှင်းချက်မဟုတ်ဘဲ ရန်ပြန်တွေ့တဲ့ အရိပ်လက္ခဏာတွေပါနေတဲ့ စာတွေ ထုတ်ပြန်ချက်တွေ သတိပေးချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ပြီး ပြည်သူကိုအသိပေးဖို့ ပညာပေးဖို့ ပြန်ကြားပေးဖို့ ပြည်သူ့ဘဏ္ဍာနဲ့ လုပ်ကိုင်နေတဲ့ ဌာနရဲ့ သြဇာကို အသုံးချပြီး ဖြေရှင်းတင်ပြတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သဘင် ရုပ်ရှင် ဂီတ သုခုမ ပညာရှင်တွေဆိုတာ ကင်းနိုင်ကြတဲ့ လူတွေမဟုတ်ပါဘူး။ ကိုင်းကျွန်မီ ကျွန်းကိုင်းမီ ရပ်တည်နေကြသူတွေ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။

ဒီတစ်ပတ်အတွက် နောက်ဆုံးတင်ပြချင်တဲ့ သတင်းကတော့ မြန်မာအလုပ်သမားတွေ လိုက်ပါစီးနင်းလာတဲ့ကားတစ်စီး မီးလောင်တဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံ မဲဆောက်ကနေ ဘန်ကောက်ကို ထွက်ခွာလာတဲ့ ဘတ်စ်ကားတစ်စီးဟာ တာ့ခ်ခရိုင် အမျိုးသားဥယျာဉ် အနားမှာ မတ်လ ၃၀ ရက်နေ့က မီးလောင်ခဲ့ပါတယ်။ကားမီးလောင်မှုကြောင့် လူ၂၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါကားပေါ်မှာ မြန်မာအလုပ်သမား ၄၇ဦးလိုက်ပါလာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲကြောင့် စားဝတ်နေရေးပြေလည်ဖို့အတွက် ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ဖို့ သွားကြစဉ်မှာ ယခုလို အဖြစ်ဆိုးနဲ့ကြုံတွေ့ရတာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ နစ်နာမှုတွေမဆုံးရှုံးရစေဖို့အတွက် မြန်မာဘက်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကရော မဲဆောက်မှာ ရှိတဲ့ သံအရာရှိတွေကပါ ဝိုင်းဝန်းကူညီမှုတွေ လုပ်ဆောင်နေကြပါတယ်။ သေဆုံးသွားသူတွေအနေနဲ့ နောင် ဖြစ်လေရာ ဘဝဆက်တိုင်း ယခုလို အဖြစ်ဆိုးနဲ့ လွဲပါစေလို့ ဝမ်းနည်းစွာ ဆုတောင်းပေးလိုက်ရပါတယ်။

အထက်ဖော်ပြပါ သတင်းကောက်နုတ်ချက်တွေကို The Fifth Wave News၊ Akonthi ၊ 8 days ၊ BBCတို့မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply