အနည်းဆုံးလုပ်ခ လစာတိုးချိန်တွင် အခြားခံစားခွင့်များ ဖြတ်တောက်မခံရရန် ကမ်ပိန်းပြုလုပ်

0
180

မန္တလေး၊ ဧပြီ ၁၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ဧပြီလ (၁) ရက်နေ့ မွန်းလွဲပိုင်းက အနည်းဆုံးလုပ်ခ လစာတိုးချိန်တွင် အခြားခံစားခွင့်များ ဖြတ်တောက်မခံရရန် ကမ်ပိန်းပြုလုပ်ခဲ့သည်။

ယခုလက်ရှိတွင် အနည်းဆုံးလုပ်ခ လစာမှာ တစ်ရက်လျှင် (၃၆၀၀) ကျပ်ဖြစ်ပြီး ယခုနှစ်ပြင်ဆင်သတ်မှတ်ချက်အရ အနည်းဆုံးလုပ်ခလစာမှာ တစ်ရက်လျှင် (၄၈၀၀) ကျပ် အဖြစ်သဘောတူညီမှု ရရှိထားကြောင်းသိရသည်။

“အရင်က အနည်းဆုံးလုပ်ခ လစာမှာ တစ်ရက်ကို (၃၆၀၀) ကျပ် သတ်မှတ်တုန်းက ရက်မှန်ကြေး ဘာကြေး ညာကြေး ပေးထားတာတွေ ဖြတ်ပြစ်တယ် ။ တကယ်လို့ တစ်ရက်လုပ်ခ (၄၈၀၀) ကျပ် သတ်မှတ်လိုက်ရင် အဲ့ဒီလိုတွေ ဖြစ်လာမှာ စိုးလို့ ကမ်ပိန်းလုပ်တာဖြစ်တယ် ။ ခုတောင် တစ်ချို့စက်ရုံတွေ လစာတိုးပေးမယ်ဆိုပြီး ခံစားခွင့်တွေ ဖြတ်ထားတာတွေ့ရတယ် ။ တကယ်ဆိုရင် အလုပ်ရှင်က အလုပ်သမားတွေကို စေတနာမရှိဘူး ။ အရှုံးပေါ်တယ် အရှုံး
ပေါ်တယ်ပြောတယ် ။ ဝင်ငွေထွက်ငွေ နဲ့ ဘယ်လောက်ရှုံးတယ်ဆိုတာ ဘယ်အလုပ်ရှင်မှ မပြနိုင်ဘူး ။´´ ဟု ကမ်ပိန်းကို ဦးဆောင်လုပ်သည့် မြန်​မာနိုင်​ငံစက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံအလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ က အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောသည်။

အနည်းဆုံး လုပ်ခစာ သတ်မှတ်ချက် ထွက်လာချိန်တွင် အခြားခံစားခွင့်များ ဖြတ်တောက်လိုက်ပါက ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ ပုဒ်​မ ၁၄(က)ကို ချိုးဖောက်သည့်အတွက် တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် ငွေဒဏ် ကျခံရနိုင်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ ပုဒ်​မ ၁၄(က) တွင် ဤဥပ​ဒေအရသတ်​မှတ်​ထား​သော အနည်းဆုံးအခ​ကြေး​ငွေကို​သော်​လည်း​ကောင်း ထိုအခ​ကြေး​ငွေထက်​အလုပ်​ရှင်​ကပိုပြီး​ပေးပါက ပို​ပေးသည့်​အခ​ကြေး​ငွေကို​သော်​လည်း​ကောင်းရထိုက်​ခွင့်​ရှိကြောင်း ဖော်ပြထားသည်။

ယင်းကမ်ပိန်းကို စက်ရုံအလုပ်ရုံများတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တွင်လည်း အနည်းဆုံးလုပ်ခ လစာတိုးချိန်တွင် အခြားခံစားခွင့်များ ဖြတ်တောက်မခံရရန် ကမ်ပိန်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply