ပင်​လယ်​ဝဘက်​တွင်​ ဆိပ်​ကမ်းသစ်​ တည်​​ဆောက်​သွားမည်​ဟု ဦးဖြိုးမင်းသိန်းဆို

0
160

ရန်​ကုန်​ ၊ ဧပြီ ၂ ၊ ၂၀၁၈

ကုန်​စည်​စီးဆင်းမှုများ စနစ်​တကျ​ဆောင်​ရွက်​နိုင်​​စေရန်​အတွက်​ ပင်​လယ်​ဝဘက်တွင် ဆိပ်ကမ်းသစ်များ တည်​​ဆောက်သွားရန် စီစဉ်​​ဆောင်ရွက်နေကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်း က​ပြောသည်​။

ကုန်​သည်​စက်​မှုအသင်းချုပ်​တွင်​ ယနေ့ပြုလုပ်​သည့်​ ၁၆ ကြိမ်​​မြောက်​ ဒုတိယသမ္မတ (၁) နှင့်​စီးပွား​ရေးလုပ်​ငန်းရှင်​များ ပုံမှန်​​တွေ့ဆုံ​ပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

ပင်​လယ်​ဝဘက်​တွင်​ ဆိပ်​ကမ်းသစ်​များ တည်​​ဆောက်​နိုင်​ရန်​အတွက်​ နိုင်​ငံတကာမှ ကျွမ်းကျင်​ပညာရှင်​များနှင့်​ ​လေ့လာမှုများပြုလုပ်​၍ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

“ရန်​ကုန်​မြို့က ပင်​လယ်​ဆိပ်​ကမ်းမြို့တစ်​မြို့ ဖြစ်​ပါတယ်​။ ကုန်​စည်​စီးဆင်းမှုကို ကိုယ့်​နိုင်​ငံတစ်​ခုထဲ စီးဆင်း​နေတာမျိုးမဟုတ်​ဘဲ ကျွန်​​တော်​တို့နဲ့ဆက်​စပ်​​နေတဲ့ ကုန်​သည်​​တွေအားလုံးကို ရန်​ကုန်​ကို အ​ခြေပြုပြီး ကုန်​စည်စီးဆင်းနိုင်ဖို့​မျှော်မှန်းပါတယ်။ ရန်ကုန်မြို့တွင်းဆိပ်ကမ်း​တွေ ​တော်​တော်​များများက​​တော့ တ​ဖြည်းဖြည်း ပြည်​တွင်း ဆိပ်​ကမ်း​တွေ ဖြစ်​လာတဲ့အတွက်​ ပင်​လယ်​ဝဘက်​ကို ဆိပ်​ကမ်း​တွေ တိုးမြှင့်​​ဆောင်​ရွက်​ကြရမှာ ဖြစ်​ပါတယ်​။” ဟု ၎င်းက​ပြောသည်​။

ရန်​ကုန်​မြို့တွင်း၌ ယာဉ်​အသွားအလာ ပြဿနာများစွာရှိခြင်း​ကြောင့်​ ရန်​ကုန်​မြို့ကို ဆိပ်​ကမ်းမြို့အဖြစ်​ စီးပွား​ရေးအရ ဖွံ့ဖြိုးတိုးတက်​သည့်​ မြို့ကြီး တစ်​ခုအ​နေဖြင့်​ ​ဆောင်​ရွက်​သွားရန်​ ​မျှော်​မှန်းထားပြီး ကုန်​စည်​များကို အိမ်​နီးချင်းနိုင်​ငံများသို့ ပင်​လယ်​​ရေ​ကြောင်းမှ ပို့​ဆောင်​နို​င်ရန်​​မျှော်မှန်းထား​ကြောင်း သိရသည်​။

ထို့ပြင်​ တရုတ်​ -မြန်​မာနှစ်​နိုင်​ငံကြား စီးပွား​ရေးစင်္ကြန်​တစ်​ခု တည်​​ဆောက်​မည်​ဆိုပါက ကုန်​စည်​စီးဆင်းမှုကို စနစ်​တကျ ​ဆောင်​ရွက်​နိုင်​လျှင်​ မြန်​မာနိုင်​ငံသည်​ ကုန်​စည်​စီးဆင်းမှု​ကြောင့်​ ရရှိနိုင်​သည့်​အကျိုးအမြတ်​ များစွာရှိ​ကြောင်း ဝန်​ကြီးချုပ်​က​ပြောသည်​။

“နို​င်​ငံတကာမှာလည်း ဆယ်​စုနှစ်​ ၂ စု​လောက်​ဆိုရင်​ ဆိပ်​ကမ်း​တွေက ပိုပြီးဖွံ့ဖြိုးတိုးတက်​တဲ့ဘက်​ကို ​ရွေ့လျားသွားတတ်​ပါတယ်​။ ကျွန်​​တော်​တို့နိုင်​ငံမှာ​တော့ အင်္ဂလိပ်​ကိုလိုနီ လက်​ထက်​ကတည်းက ဆိပ်​ကမ်းဟာ အခုချိန်​ထိပဲ ရပ်​တည်​သုံးစွဲ​နေကြရတဲ့ အ​ခြေ​နေဖြစ်​​နေပါတယ်​။ စင်​ကာပူနိုင်​ငံဆိုရင်​ သူ့ရဲ့ ထုတ်​လုပ်​နိုင်​မှုအ​ခြေ​နေက အများကြီးမရှိပါဘူး။
ဒါ​ပေမယ့်​ ကုန်​စည်​စီးဆင်းမှုအတွက်​ အချက်​အချာကျတဲ့​ နေရာတစ်​ခုမှာရှိတဲ့အတွက်​ နိုင်​ငံရဲ့စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​မှုကို များစွာပဲ အ​ထောက်​အကူ ဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ ရန်​ကုန်​မြို့ဟာလဲ ဒီအ​ခြေ​နေကို ​ဆောင်​ရွက်​ဖို့ ပြင်​ဆင်​​နေပါတယ်​။” ဟု ၎င်းက​ပြောသည်​။

မြန်​မာနို​င်​ငံရှိ ကမ်းရိုးတန်း​ဒေသများတွင်​ ဆိပ်​ကမ်း​ပေါင်း ၉ ခုခန့်​ရှိကာ ယင်း ၉ ခုထဲတွင်​ ရန်​ကုန်​ဆိပ်​ကမ်းသည်​ ဖွံ့ဖြိုးတိုးတက်​ဆုံးဖြစ်​ပြီး
မြန်​မာနိုင်​ငံ၏ ကုန်​စည်​ ၉၀ ရာခိုင်​နှုန်းခန့်​သည်​ ရန်​ကုန်​ဆိပ်​ကမ်းမှ တစ်​ဆင့်​ဝင်​​ရောက်​ခြင်းဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply