နလန်မထူနိုင်သည့် SME လုပ်​ငန်းများပြန်လည် ဦးမော့လာအောင် အစိုးရမှ​ဆောင်​ရွက်​​ပေးမည်

0
182

ရန်​ကုန်​၊ ဧပြီ ၂ ၊ ၂၀၁၈

နလန်မထူနိုင်သည့် ပြည်​တွင်း​အသေးစားအလတ်စား လုပ်ငန်းရှင်များ ပြန်လည် ဦးမော့လာအောင် အစိုးရမှ ​ဆောင်ရွက်ပေးသွားမည်ဖြစ်​​ကြောင်း
စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကပြောသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားနေမှု အပါအဝင် အခြားအခက်အခဲ​ပေါင်း များစွာကြောင့် နလန်မထူနိုင်ဖြစ်နေသည့် ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းများကို ပြန်လည်ဦးမော့လာသည့် အခြေအနေ ဖြစ်အောင် အစိုးရမှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်​။

“ပြည်တွင်းလုပ်ငန်းရှင်တွေက ဘာမှမလုပ်သာဘူး။ ထုတ်လုပ် စရိတ်တွေ ကမြင့်နေတယ်။ SMEတွေက နလန်မထူဘူး။ပြည်တွင်းမှာရှိတဲ့ စာအုပ်တွေ က နိုင်ငံခြားပို့ရိုက်ပြီးတော့ နိုင်ငံခြားကနေ ပြန်သွင်းလာရတယ်။ အဲ့တော့ SME တွေက ထူထောင်နိုင်​စရာအကြောင်းမရှိတော့ဘူး။ နလန် မထူတော့ ဘူး၊ အဲဒီတော့ အခြားခြားသော နည်းလမ်းတွေ နဲ့ ပြည်တွင်းမှာရှိတဲ့ SMEတွေကို ပြန်လည်ဦးမော့လာအောင်လုပ်ဖို့ စဉ်းစားထားတာ ရှိတယ်။”ဟု၎င်းက​ပြောသည်​။

နိုင်ငံ၏ စီးပွားရေးဆောင်ရွက်မှုပုံစံကို ကြည့်မည်ဆိုပါက အရောင်း အဝယ်ကို အခြေခံသည့် ကုန်သွယ်မှု ပုံစံမျိုးဖြစ်နေပြီး ဈေးကွက် လိုအပ်ချက်အတွက် ကိုယ်တိုင်ထုတ်လုပ်စဉ်းစားဆောင်ရွက်ခြင်းမရှိဘဲ အခြားနိုင်ငံများမှ ဝယ်ယူ၍ ဖြည့်ဆည်းဆောင်ရွက်နေသည့် ပုံစံကို
လုပ်ငန်း​တော်တော်များများတွင် ဆောင်ရွက်နေကြ​ကြောင်း သိရသည်​။

ယင်းကဲ့သို့ လုပ်ကိုင်နေသည့် တစ်​​လျှောက်​လုံးနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် မှာ အခက်ခဲများစွာ ကြုံတွေ့နိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကို ဦးစားပေး ဆောင်ရွက်သည့် ပုံစံမျိုးသွားနိုင်ရေး အတွက် ပြည်တွင်းရှိ အသေးစား အလတ်စားလုပ်ငန်းများကို အခြေခံဆောင်ရွက်မည် ဖြစ်​​ကြောင်း ၎င်းက​ပြောသည်။

“SMEတွေကိုထောက်ပံ့ဖို့ ကြိုးစားတဲ့အခါမှာ အစိုးရအနေနဲ့ လွယ်လွယ် ကူကူနဲ့ အချိန်တိုအတွင်းမှာဆောင်ရွက်ပေးနိုင်တာက​ချေးငွေတွေ​ ပေးနိုင် တယ်။ ဒါပေမယ့် ချေးငွေမှာပဲ အခက်ခဲတွေရှိနေတာ ကျွန်တော်တို့ သိပါ တယ်။ ချေးငွေအတိုးနှုန်းတွေ ချေးငွေရရှိဖို့ ခက်ခဲတဲ့ကိစ္စတွေ ကန့်သတ် ချက်တွေ၊ ဒါတွေကိုလည်း တတ်နိုင်သလောက် စဉ်းစားဆောင်ရွက် နေပါ တယ်။ သို့သော် တကယ်လိုအပ်ချက်က မားကတ်ပါ၊ ဈေးကွက် မရှိရင် ဘာလုပ်ငန်းမှ ထူထောင်လို့မရဘူး။ လုပ်ငန်းဆက်ပြီးတော့ရှင်သန်လို့ မရဘူး။ အဲ့တော့ ပြည်တွင်းမှာ ရှိတဲ့မားကတ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ပြည်တွင်းမှာထုတ်လုပ်တဲ့ SMEတွေအတွက် တကယ့်မားကတ်ဖြစ် အောင်ဆောင်ရွက်ပေးရမယ်။ “ဟု ဦး​ကျော်​ဝင်းက​ပြောသည်​။

လက်ရှိတွင် အစိုးရမှ ထောက်ပံ့ပေးနေသည့် SME ချေးငွေများနှင့် ပတ်သက်၍ ပြည်တွင်းအသေးစား၊ အလတ် စားလုပ်ငန်းများတွင် ချေးငွေပိုင်းဆိုင်ရာ ရရှိနိုင်ရေးအတွက် ကန့်သတ်ချက် အခက်ခဲများ ကြုံတွေ့နေရပြီး ဈေးကွက်၊ထုတ်လုပ်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင် စရိတ်၊ အခွန်နှုန်းထားများကြောင့် လုပ်ငန်းလုပ်​ကိုင်​ရာတွင်​အတား အဆီး များ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ယင်းအခက်ခဲများကို ကူညီပံ့ပေးသွားရန် စဉ်းစား ဆောင်ရွက် နေသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်သူများ အတွက် အရည်သွေးပြည့်မီပြီး သုံးစွဲရန် သင့်တော်သည့် ပစ္စည်းများကို လုပ်ဆောင်ပေးရန်နှင့် လိုအပ်သည့် အချိန်တွင် လိုအပ်သည့် ပမာဏအား ထုတ်လုပ်ပေးနိုင်​ရေးကို ပေါင်းစပ်လုပ်ကိုင်မည်ဆိုပါက SME လုပ်ငန်းများ အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။

ဝေ​ဝေဖြိုး

Leave a Reply