လွှတ်တော်တွင် အဆိုအတည်မဖြစ်ခဲ့သောကြောင့် ရမ်းကုများ ရဲတင်းလာမည်ကို စိုးရိမ်နေ

0
111

မန္တလေး၊ ဧပြီ ၃၊ ၂၀၁၈

ရမ်းကုများကို အရေးယူရန်တင်သွင်းသော အဆိုကို လွှတ်တော်တွင် အတည်မဖြစ်ခဲ့သောကြောင့် ရမ်းကုများ ရဲတင်းလာမည်ကို စိုးရိမ်ကြောင်း လာမည်ကို အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေးကုသပေးနေသည့်သူများကို ထိထိရောက်ရောက် အရေးယူပေးရန် တိုက်တွန်းကြောင်း အဆိုကို ဧပြီလ (၃) ရက်နေ့ က မန္တလေးတိုင်းဒေ သကြီး လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ အဆိုအတည်မဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ကြေငြာခဲ့သည်။

ယင်းအဆိုကို ဧပြီလ ၂ ရက်နေ့က အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန် က တင်သွင်းခဲ့ပြီး စက်ခလုတ်နှိတ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ၊ ကြားနေမဲ ၈ မဲဖြင့် အဆိုမအောင်မြင် ခဲ့ခြင်းဖြစ်သည်။

“ဒီအဆိုကို ဆွေးနွေးခဲ့တဲ့ ဝန်ကြီးချုပ်အနေနဲ့ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်း ၊ မှတ်တမ်းတင်ခြင်း တစ်ခုမှ မပြောခဲ့ဘူး ။ ဒါကို လွှတ်တော်ရဲ့ သဘော ထား မယူပဲ ။ မဲခွဲဆုံးဖြတ်တယ် ။ ဒီလိုမဲခွဲတဲ့နေရာမှာလည်း မဲမပေးခဲ့သူ တွေရှိနေတယ် ။ ဒါကတော့ထားပါတော့ ။ လွှတ်တော်ရဲ့ အဆုံး အဖြတ် သာဖြစ်ပါတယ် ။ ကျွန်တော့အဆို အတည်မဖြစ်ပေမယ့် ဥပဒေက ရှိပြီးသားဖြစ်တော့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကတော့ရှိမှာပါ ။ ဒါပေမယ့် ရမ်းကုတွေအနေနဲ့ လွှတ်တော်ကတောင် အဖက်မလုပ်ဘူး ဆိုပြီး ဆက်ရဲတင်းလာမှာကိုတော့ စိုးရိမ်တယ်” ဟု အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် က ပြောသည်။

အဆိုတင်သွင်းသည့်နေ့တွင် အဆိုရှင်အနေဖြင့် ပါဝါပွိုင့်ဖြင့်ထိုးပြ၍ နားနောက်ခွဲကာ သွေးတိုးကုသနေမှု၊ ဒူးနာလျှင် ဒူးတွင် ဆေးအများ အပြားထိုးမှု ၊ ခါးနာလျှင် ဒါးတွင် ဆေးအများအပြားထိုးမှု ၊ ခေါင်းကိုက်၍ ရင်သားခွဲစိတ်မှု ၊ လေဖြတ်နေသူအား ရဲဒင်းအနောင့်ဖြင့် ထုထောင်းနေမှု စသည်တို့ကို ဓာတ်ပုံ ဗွီဒီယိုများဖြင့်ရှင်းလင်းပြသခဲ့သည် ။ ထို့အပြင် မည်သည့်ရောဂါဖြစ်ဖြစ် ဆေးတစ်မျိုးတည်းပေးခြင်း၊ ဒဏ်ရာများအား အပူဆေးဖြင့် အုံ၍ ကုသပေးခြင်းတို့ကြောင့် ဒဏ်ရာပိုမိုဖြစ်လာခြင်း စသည်တို့ကိုလည်း ရှင်းလင်းပြသခဲ့သည်။

ယင်းအဆိုကို ထောက်ခံဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် (၃) ဦးရှိခဲ့ပြီး အဆိုတင်ပြီးနောက်နေ့တွင် ဆွေးနွေးသည့်အတွက် အချက် အလက်စုဆောင်းချိန်နည်း၍ ထောက်ခံဆွေးနွေးသူနည်းခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာညီမင်းဟန် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားမဝင် ဆေးကုသမှု ပေးနေသူများကို ဥပဒေအရ အရေးယူမှုများရှိပြီး အရေးယူခြင်းထက် ပညာပေးခြင်း၊ ခံဝန်ထိုး၍ နောက်နောင် လုပ်ဆောင်ခြင်မပြုရန် သတိပေးခြင်း စသည်တို့ကို ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ပြည်ထောင်စု နယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၌ ဆေးကောင်စီဥပဒေဖြင့် အရေးယူမှုမှာ (၇) မှုသာရှိသည့်အတွက် အရေးယူမှုမှာ အလွန်နည်းသည့် အနေအထားတွင်ရှိနေသည်။

နိုင်လင်းဦး

Leave a Reply