သင်္ကြန်တွင်းကာလ ကျုံးပတ်လည်တွင် လုံခြုံရေးအင်အား ၁၄၀၀ ကျော်အသုံးပြုသွားမည်

0
163

မန္တလေး၊ ဧပြီ ၃၊ ၂၀၁၈

မန္တလေးမြို့ သင်္ကြန်ကာလတွင် ကျုံးပတ်လည်၌ ရဲတပ်ဖွဲ့၊ မီးသတ်၊ ယာဉ်ထိန်း စသည်တို့စုပေါင်း၍ လုံခြုံရေးအင်အား ၁၄၀၀ ကျော် အသုံးပြုကာ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လုံခြုံရေးဆောင်ရွက်ရာတွင် တုတ်ဓားလက်နက်များ စစ်ဆေး သိမ်း ဆည်းခြင်း၊ လမ်းလျှောက်သင်္ကြန်တွင် အရက်ပုလင်းများကို ဘီယာ ပုလင်းများကိုသယ်ဆောင်ခွင့်မပေးပဲ ကြွပ်ကြွပ်အိပ်အတွင်း ထည့်သွင်း သယ်ဆောင်စေခြင်း နှင့် ဗုံးအန္တရာယ်မရှိစေရေး စစ်ဆေးခြင်းတို့ကို
လုပ်ဆောင်သွားမည်ဖြစ်သည်။

“လုံခြုံရေးက ရဲတပ်ဖွဲ့တင်မဟုတ်ပဲ အခြား မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်း လုပ်မှာဖြစ်တယ်။ ဥပမာ နိုင်ငံခြားသားခရီးသွား တစ်ခုခုဖြစ်ရင် ခရီးသွား ရဲက လာမယ်။ ယာဉ်မတော်တဆဖြစ်ရင် ယာဉ်ထိန်းရဲက လုပ်မယ်။ အဲ့ဒီလို တာဝန်တွေခွဲပြီး လုပ်ဆောင်မှာဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးမြို့ကျုံးဘေးတွင် လမ်းလျှောက်သင်္ကြန် ၊ တောသင်္ကြန်ညဈေး နှင့် အခြားရေကစားမဏ္ဍာပ်များရှိပြီး ရေကစားမဏ္ဍာပ်များတွင်လည်း ပြင်ပ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများလည်းရျှိမည်ဖြစ်သည်။

ထို့အပြင် မြို့တွင်းမဏ္ဍာပ် (၈) ခုတွင်လည်း လုံခြုံရေးအင်အား (၅၀) ကျော်အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ပြီး အခြားလူသွားများသည့် နေရာ (၁၃) နေရာတွင်လည်း လုံခြုံရေးအင်အား (၁၆၀) အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

ပုံစာ – ယမန်နှစ်က မန္တလေးသင်္ကြန်မြင်ကွင်းတစ်ခု

Leave a Reply