မြန်မာ့ရိုးရာ ၁၂လရာသီပွဲများကျင်းပနိုင်ရန်ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းပြော

0
176

ရန်ကုန် ၊ ဧပြီ ၃ ၊ ၂၀၁၈

ခရီးသွားလုပ်ငန်းတိုးမြှင့်စေရန်ရည်ရွယ်၍ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ တိုးမြှင့်လာနိုင်ရန်အတွက် မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်များ ကျင်းပနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

ယနေ့နံနက်ပိုင်းက တိုင်းအစိုးရ အဖွဲ့ရုံးတွင်ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုခဲ့ကြောင်း တိုင်းအစိုးရ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

“ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေ အားလုံးထဲမှာ ခရီးသွားလုပ်ငန်းတွေ ကို တိုးမြှင့်စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီး တိုးမြှင့်စေချင် တယ်။ နိုင်ငံတကာရဲ့အမြင်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ မတူညီဘူးဆိုတာကို လက်တွေ့ကျကျ ပြသနိုင်ဖို့အတွက် စနစ်တကျ ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပ မှုတွေကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်အောင် ဆောင်ရွက်သွားမှာ ဖြစ်သလို လစဉ်လတိုင်းမှာလည်း တကယ့်ကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ တိုးမြှင့်လာနိုင်ဖို့အတွက်လည်း ဈေးပွဲတော်ကြီးတွေ အခြားအခြားသော မြန်မာ့ရိုးရာ ၁၂ လရာသီ ပွဲတော်တွေကို ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကပြောကြားခဲ့သည်။

ယခုနှစ်သင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာနှင့်အညီ စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန်နှင့် နိုင်ငံတကာမှစိတ်ဝင် စားသည့် နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာစေရန် မျှော်မှန်းထားပြီး ရေရှည် မျှော်မှန်းခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

“ ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင်ဖြစ်တဲ့ ဆူးလေဘုရား ဝန်းကျင်တစ်ဝိုက်ကို လမ်းလျှောက်သင်္ကြန်ရယ်၊ ဗဟိုမဏ္ဍပ်ရယ်ကို တွဲပြီး ကျင်းပနိုင်ဖို့အတွက်နဲ့ ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးထဲကနေပြီးတော့ ကမ္ဘာအေး ဘုရားလမ်း ကို အရေးပေါ်ထွက်လမ်းအဖြစ် ထားရှိပြီး ကျန်တဲ့ပြည်လမ်းမတို့ ဝေဇယန္တာလမ်းတွေဘက်မှာ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်ပွဲတွေကို ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကန်ပတ်လမ်းမဟုတ်ဘဲ ကန်တွင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် လမ်းလျောက် သင်္ကြန်အားပြုလုပ်ကျင်းပခြင်းဖြစ်ပြီး သခင်မြပန်းခြံတွင် စတုဒီသာကျွေးမွေးခြင်းအစီအစဉ်များ ထည့်သွင်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။

မတ်လ ၂ရက်နေ့က ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ပေါင်း ၆၆ခုအား ပါမစ်ချထားပေးခဲ့ပြီး ပါမစ်ချထားပြီးအချိန်မှ စ၍ အာမခံစပေါ်ငွေပေးသွင်း ကာ စတင်ဆောက်လုပ်နိုင်ပြီဖြစ်ပြီး သင်္ကြန်မတိုင်မီ သုံးရက်အလို တွင်မဏ္ဍပ်များတည် ဆောက်ပြီးစီးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား) ထံမှသိရသည်။

၂၀၁၈ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးအတွက် လုံခြုံရေး
နှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့်ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ၊ မဏ္ဍပ်နေရာချထားရေး နှင့် ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းကော်မတီ ၊ မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ ပို့ ဆောင်ရေး လုပ်ငန်း ကော်မတီ၊ ဘဏ္ဍရေးနှင့်ငွေစာရင်း ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ၊လူမှုရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းကော်မတီ ၊ ပြန်ကြား ရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီ ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ တို့ဖြင့်ဖွဲ့စည်းဆောင်ရွက်နေကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – Phyo Min Thein Facebook

Leave a Reply