သင်္ကြန်ပွဲတော် နီးကပ်နေသော်လည်း စက်သုံးဆီဈေးနှုန်း သိသာစွာ တက်လာခြင်းမရှိ

0
117

ရန်​ကုန်​၊ ဧပြီ ၆ ၊၂၀၁၈

စက်သုံးဆီဈေးနှုန်းမှာ မဟာသင်္ကြန် ပွဲတော်ရက် နီးကပ်နေသော်လည်း သိသာစွာ တက်လာခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းရုံးအဖွဲ့မှူး ဦးဝင်းနိုင်က ပြောသည်။

“စက်သုံးဈေးက ပြီးခဲ့တဲ့အပတ် ပြီးခဲ့တဲ့လပိုင်းကနေစပြီး သိသိသာသာ တက်လာတာတော့ မရှိသေးပါဘူး။ ငွေဈေးနှုန်းလည်း ငြိမ်တာပေါ့နော်။ ပြည်ပဈေးနှုန်းလေး နည်းနည်းတော့ တက်တာရှိပေမယ့် စက်သုံးဆီ ဈေးနှုန်းက ငြိမ်နေပါသေးတယ်။ ဒါက ပြည်ပဈေးနှုန်းပေါ် အခြေခံတာ ဖြစ်လို့ တဟုန်ထိုးကြီး တက်သွားတာတော့ မရှိပါဘူး။”ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ စက်သုံးဆီ လက်ကားဈေးနှုန်းမှာ ဒီဇယ် ၁လီတာလျှင်​ ၇၈၀ ကျပ်၊ Premium ဒီဇယ်​ ၁လီတာကို ၇၈၅ ကျပ် ၊အောက်တိန်း 92 ၁လီတာကို ၇၃၅ ကျပ် နှင့်​ ​အောက်​တိန်း 95 ၁လီတာကို ၇၇၅ ကျပ် ရှိကြောင်း သိရသည်။

“အခုပေါက်ဈေးက နိုင်ငံခြားဈေးကလည်း ကျနေတော့ ဈေးကွက်မှာက အေးနေတယ်။ ကျွန်မတို့ဆိုရင် နိုင်ငံခြားကတင်သွင်းတဲ့ ဈေးအရင်းက ကြီးနေတဲ့အတွက် ဈေးကွက်မှာအများကြီး မချနိုင်ဘူး။ အရောင်းအဝယ် အေးနေတော့ များသောအားဖြင့် ကုန်သည်တွေက သင်္ကြန်လည်း ပိတ်ရက်ရှိတဲ့အတွက် ရောင်းချင်နေကြပြီ။ ဒါပေမယ့် နိုင်ငံခြားဈေးက ကျနေတဲ့အတွက် သူကသွင်းထားတဲ့ဈေးကလည်း အရမ်းကြီးနေတဲ့ အတွက် ဈေးကအခုလိုတင်းခံနေတာပေါ့။” ဟု Shu San Co.,ltd. Marketing ပိုင်းမှ ဒေါ်တင်တင်ထူးက ပြောသည်။

၂၀၁၇ ခုနှစ် ကာလတူအချိန်​တွင်​ စက်သုံးဆီဈေးမှာ ဒီဇယ်ဈေးနှုန်း ကျပ်​ ၁၄၀၀၀ ကျော် ရှိခဲ့ပြီး ယခုနှစ် ဒီဇယ်ဈေးနှုန်းမှာ ကျပ်​ ၁၇၀၀၀ ကျော်ရှိရာ ယခုနှစ်ကဲ့သို့ ဈေးနှုန်းတက်ခဲ့ခြင်း မရှိသော်လည်း အရောင်းသွက်
ခဲ့​ကြောင်း သိရသည်​။

“သင်္ကြန်မတိုင်ခင် အားလုံးမျှော်လင့်ထားကြတာက ဆီကိုဝယ်လှောင် ထားကြမယ်ပေါ့။ သင်္ကြန်က ဘာပဲဖြစ်ဖြစ် 92 ဆိုရင် သင်္ကြန်တွင်းမှာ အများကြီးရောင်းရတယ်လေ။ ရေပက်ခံကားတွေလည်းရှိနေတယ်။ ဒါပေမယ့်ခုချိန်မှာ ဈေးကွက်က မလှုပ်ရှားသေးဘူး။ ပန့်ဆိုင်တွေကလည်း တက်ရင်လည်း တက်သွားပါစေဆိုပြီး ပေါက်တဲ့ဈေးနဲ့တော့ ဝယ်မယ်ဆိုတဲ့ အနေအထားပဲ ရှိသေးတယ်။ သိုလှောင်ထားဖို့ စိတ်ကူးမရှိဘူး။”ဟု ဒေါ်တင်တင်ထူးက ​ပြောသည်။

ပြည်တွင်း၌ ရောင်းချသည့် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ အများဆုံး တင်သွင်းခြင်းဖြစ်ပြီး၊ မလေးရှားနှင့် အချို့သောနိုင်ငံများမှ တင်သွင်းသော် လည်း ငွေပေးငွေယူခက်ခဲမှုကြောင့် အဆင်​ပြေမှုမရှိကြောင်း ၎င်းက​ပြောသည်​။

လက်ရှိ ပြည်တွင်း၌ ရောင်းချသော စက်သုံးဆီများကို MOPs အမည်ရ စင်ကာပူအခြေစိုက် စက်သုံးဆီဈေးကွက်၏ စံဈေးနှုန်းများကို အခြေခံ၍ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply