ပဉ္စမလှိုင်းမီဒီယာရဲ့တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များ

0
125

ရန်ကုန် ၊ ဧပြီ ၈ ၊ ၂၀၁၈

အရင်ဆုံး တင်ပြချင်တဲ့ သတင်းကတော့ တပ်မတော်လေယာဉ်တစ်စင်း ပျက်ကျတဲ့သတင်းနဲ့ စချင်ပါတယ်။ တောင်ငူလေတပ်စခန်းဌာနချုပ်က လေသူရဲ ဗိုလ်မှူး အာကာဝင်း မောင်းနှင်တဲ့ အက်ဖ်- ၇ လေယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ်မှာ အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့ရပါ တယ်။ အဆိုပါလေယာဉ်ပျက်ကျမှုမှာ ဗိုလ်မှူး အာကာဝင်းဟာ အသက်သေဆုံးသွားခဲ့ပါတယ်။ သူဟာ အသက်မသေဆုံးခင်အချိန်မှာ ပျက်ကျတော့မယ့် လေယာဉ်ကို ကျွန်းကုန်းကျေးရွာအပေါ်ကို ပျက်မကျရလေအောင် အသက်အသေခံပြီး ဆောင်ရွက်ခဲ့ပါတယ်။ လေယာဉ်ပျက်မကျမီအချိန်မှာ အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ ခန့်ကနေ အသက်ကယ်လေထီကို ဖွင့်ပြီး ခုန်ထွက်ခဲ့မယ်ဆိုရင် လေသူရဲ ဗိုလ်မှူး အာကာဝင်း အနေနဲ့ အသက်သေဆုံးမှာ မဟုတ်ပါဘူး။ လေယာဉ်ဟာ ကျွန်းကုန်းကျေးရွာပေါ်ကို ပျက်ကျသွားပြီး ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးရမယ့် အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို မဖြစ်စေဖို့အတွက် ဗိုလ်မှူးအာကာဝင်းဟာ လေယာဉ်ကို ဆက်လက်ထိန်းကြောင်းပြီး ကျွန်းကုန်းကျေးရွာရဲ့ အလွန် မြေပြင်နဲ့ ၃၀ မီတာအကွာရောက်မှသာ အသက်ကယ်လေထီးကိုဖွင့်ပြီး လေယာဉ်ထဲကနေ ခုန်ထွက်ခဲ့ပါတယ်။ လေသူရဲရဲ့ လုပ်ရပ်ကို ကျေးရွာဒေသခံတွေက အစအဆုံး မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ စိတ်ဓာတ်ကိုလည်း လေးစားဂုဏ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဗိုလ်မှူးအာကာဝင်းဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်မှာ အသက်ကို ပဓာန မထားဘဲ စွမ်းဆောင်ခဲ့တဲ့ လေသူရဲ ဗိုလ်မှူး အာကာဝင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ ပဉ္စမလှိုင်းမီဒီယာအနေနဲ့လည်း လေသူရဲ ဗိုလ်မှူးချုပ်အာကာဝင်းကို လေးစား ဂုဏ်ပြုပါကြောင်းနဲ့ ကောင်းရာဘုံရာကို ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒုတိယတစ်ပုဒ်ကတော့ ရန်ကုန်မှာ တရားမ၀င်ဆေးကုသနေတဲ့ ဆေးခန်းတွေကို ၀င်စစ်ဆေးပြီး အရေးယူတဲ့ သတင်းကို တင်ပြပါမယ်။ ဧပြီ ၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးဆောင်တဲ့အဖွဲ့ဟာ ကြည့်မြင်တိုင်မြို့နယ်က (စင်ကာပူ ဆေးခန်း) ၊ လမ်းမတော် မြို့နယ်က (Sun Clinic) ၊ ဗိုလ်တစ်ထောင်မြို့နယ်က (တိုကျို ဆေးခန်း) ၊ လသာမြို့နယ်က (Thailand) တို့ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသားပတ်ပိုစ့် ကိုင်ဆောင်ပြီး ဆေးကုသနေတာတွေကို စစ်ဆေးတွေ့ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ လမ်းမတော်မြို့နယ် (Sun Clinic နေ၀န်းဆေးခန်း)မှာ တရုတ်နိုင်ငံသား ပတ်ပိုစ့်ကိုင်ဆောင်ပြီး တရားမ၀င်ဆေးကုသမှုပေးနေတယ်လို့ ယူဆရသူ တရုတ်နိုင်ငံသား တစ်ဦးနဲ့ FDA ထောက်ခံချက်မရှိတဲ့ ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ယခင်ကရော ယခုပါ ခေတ်စားနေတဲ့ ကိစ္စရပ်ကတော့ တရုတ်အပ်စိုက်ကုထုံး ၊ တရုတ်အရိုး အကြောပြင် စတဲ့ ဆေးကုသမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ အမှန်တကယ် ရောဂါ ပျောက်သလား မပျောက်သလားဆိုတာ သေချာ မသိသလို အခုလိုကုသနေတာတွေဟာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရထားသလားဆို ဘယ်သူမှ မတွေးကြပါဘူး။ မြန်မာလူမျိုးတွေရဲ့ ဓလေ့အရ ကျန်းမာရေးနဲ့ပတ်သက်ရင် ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတတွေဟာ အင်မတန် အားနည်းကြလေ့ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ ယခု အစိုးရသစ်လက်ထက် မှာတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အထူးအလေးထားလာတာ ထင်သာမြင်သာ ရှိနေပါတယ်။ ယခုလို ပြည်သူလူထုအတွက် တရားမ၀င်ဆေးကုသနေတာတွေကို စစ်ဆေးဖမ်းဆီးနေတာတွေကို ကြိုဆိုပါတယ်။ ဆက်ပြီးတော့လည်း မြန်မာနိုင်ငံ အနှံ့မှာ အခုလို တရားမ၀င် လုပ်ကိုင်နေတဲ့ ဆေးကုသနေသူတွေ အပ်ပုန်းတွေ ရမ်းကုတွေကို ပိုမိုဖော်ထုတ် အရေးယူနိုင်ပါစေလို့ တိုက်တွန်း လိုက်ပါတယ်။

အခုတင်ပြချင်တာကတော့ နိုင်ငံတော်သမ္မတအသစ်ရဲ့ ဂုဏ်ပြုညစာ စားပွဲကျင်းပတဲ့ သတင်းကို တင်ပြချင်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ သမ္မတရာထူး တာဝန်ထမ်း ဆောင်တဲ့ အထိမ်းအမှတ်အဖြစ် အစိုးရအဖွဲ့ဝင်တွေကို ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါ တယ်။ထူး ခြားမှုကတော့ နိုင်ငံတော်သမ္မတအသစ်ရဲ့ ဂုဏ်ပြုညစာစားပွဲကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာပဲ ဖြစ်ပါတယ်။ သမ္မတအသစ်တက်လာလို့ အခုလို ဂုဏ်ပြုညစာ စားပွဲပြုလုပ်တဲ့ အပေါ် ဘာမှ ပြောစရာ မရှိပေမယ့် TV ကနေ တိုက်ရိုက်ပြသပြီး ပြည်သူကို ချပြတာကိုတော့ ပြည်တွင်းက လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘယ်လိုပဲ ဝေဖန်နေပါစေ သမ္မတအသစ်ရဲ့ ဂုဏ်ပြုညစာ စားပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။ အများပြည်သူ တွေ လည်း TV ကရော လူမှုကွန်ရက်တွေကပါ ညစာစားပွဲ မြင်ကွင်းတွေ ကို မြင်တွေ့ခဲ့ကြရပါပြီ။ အလားတူပဲ နိုင်ငံတော်သမ္မတအသစ်ရဲ့ နှစ်သစ် ကူး မိန့်ခွန်းတွေ ၊ ပြည်သူလူထုအတွက် မိန့်ခွန်းတွေ ၊ ပြည်သူလူထု အတွက် အသိပေးပြောကြားချက်တွေကိုလည်း ယခင်သမ္မတအဟောင်း ဦးသိန်းစိန် လက်ထက်ကလို ပြန်လည်ထုတ်လွှင့်နိုင်ပါစေလို့ မျှော်လင့် မိပါတယ်။ အရပ်သားစစ်စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လိုအင်တွေကို ဖြည့်ဆည်းစွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ယခုတင်ပြမှာကတော့ သင်္ကြန်နဲ့ ပတ်သက်တဲ့သတင်းလေးကို တင်ပြပါမယ်။ သင်္ကြန်ကာလမှာ နေ့ချင်းပြီး အမှုတွေကို စီရင်နိုင်ဖို့အတွက် တရားရုံးတွေကို ပိတ်ရက်မရှိဖွင့်လှစ်မယ်လို့ သိရပါတယ်။ သင်္ကြန်မှာ မှုခင်းတွေ ဖြစ်လာခဲ့ရင် တရားရုံးတွေကို ဖွင့်လှစ်ပြီး တရားသူကြီးတွေက အလှည့်ကျတာဝန်ထမ်းဆောင်ကာ အမှုတွေကို စီရင်ပေးမယ်လို့ သိရပါတယ်။ သင်္ကြန်ကာလမှာ လူတိုင်းနီးပါး သောက်စားပျော်ပါးလေ့ ရှိကြတာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါတယ်။ သင်္ကြန်ရေပက်ခံထွက်ရင်း သောက်စားပျော်ပါးကြရင်း အပျော်လွန်ပြီး အမှုအခင်းတွေ ဖြစ်ပျက်လာရင် တရားရုံးတွေက ပိတ်ထားခဲ့မယ်ဆိုရင် အပြစ်ကျူးလွန်သူတွေဟာ ရဲစခန်းအချုပ်တွေမှာ သောင်တင်နေကြမယ့် အခြေအနေရှိပါတယ်။ ရဲစခန်းအချုပ်တွေဆိုတာလည်း အကျဉ်းထောင်တွေလောက် ကျယ်ဝန်းမှု မရှိတဲ့အတွက် အချုပ်သားတွေအတွက်ရော တာဝန်ယူဆောင်ရွက်ပေးရတဲ့ ရဲဝန်ထမ်းတွေ အတွက်ပါ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ကြုံခဲ့ဖူးတဲ့ သာဓကတွေလည်း ယခင့် ယခင် သင်္ကြန်ကာလတွေမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် သင်္ကြန်တွင်းမှာ မှုခင်းတွေ ဖြစ်လာခဲ့မယ်ဆိုရင် တရားရုံးတွေမှာ စီရင်ချက်တွေ ချဖို့ ၊ ချုပ်ရက် ရမန်တွေ ရယူဖို့အတွက် တရားရုံးတွေကို မပိတ်ဘဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုတွေအနေနဲ့ သင်္ကြန်မှာ အားလပ်ရက် အလုပ်ပိတ်ရက် ဖြစ်တာနဲ့အညီ ပျော်ပါး သောက်စားကြ တာကို အပြစ်မဆိုချင်သော်လည်း အမှုအခင်းတွေ မဖြစ်ရလေအောင် သတိတရား လက်ကိုင်ထားပြီး ပျော်ပါးနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

အခုတစ်ခါ စစ်သတင်းတစ်ပုဒ်ကို တင်ပြပါမယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ ဟူးကောင်း ခရိုင်အတွင်းမှာ ပျောက်ကျားစစ်ဆင်ရေး နဲ့ မိုင်းထောင်တာတွေကို လုပ်မယ်လို့ အတိအလင်း ကြေညာလာ ခဲ့ပါတယ်။ ယခုလိုကြေညာမှုဟာ အဆိုပါဒေသမှာ ရွှေနဲ့ ပယင်းတွေ လာရောက်တူးဖော်နေကြတဲ့ ပြည်သူတွေကို ထိခိုက်နစ်နာမှာ စိုးတဲ့အတွက် ကြေညာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်ရဲ့ စစ်ကြောင်းတွေကို အထိုင်တိုက်ဖို့ အဆင်မပြေတဲ့အတွက် ပျောက်ကျား စနစ်နဲ့ တိုက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး မိုင်းထောင်မယ်ဆိုတဲ့ အကြောင်း အရာတွေဟာ တစ်ဖက်ကို အတိအလင်း စစ်ကြေညာသလို သက်ရောက် နေပါတယ်။ ဟူးကောင်းခရိုင်အတွင်းက ရှဒူး ဇွတ်ဂျာဝမ် ၊နန်ဗျူ ၊ နန်ကွမ်း ၊ တုံမဏီ ၊ ဒဂွမ်ချောင်း ၊ ဒဘာချောင်းဖျား ၊ရွှေမှော်များနှင့် ပယင်းမှော်များမှာ (ရွှေနှင့်ပယင်း) ခိုးတူးလုပ်ကိုင်နေကြတဲ့ လုပ်ငန်း ရှင်များ နဲ့ လက်လုပ် လက်စားများအား အမြန်ဆုံးထွက်ခွာကြဖို့ ပြောဆိုထားပေမယ့်လည်း တစ်ဖက်မှာလည်း တပ်မတော်အပေါ် သွေးတိုးစမ်းတဲ့ သဘောမျိုးနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်အသွင် ဆောင်နေပါတယ်။ တပ်မတော်အနေနဲ့ ဘယ်လိုတုန့်ပြန်မယ်ဆိုတာတော့ မသိပါဘူး။ သို့သော်လည်း ငြိမ်းချမ်းရေး အတွက် ပြောဆိုဆွေးနွေးဆောင်ရွက်နေချိန်မှာ စစ်တိုက်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းနိုင်ပါစေ။

သင်္ကြန်ကာလရောက်တော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်နဲ့ ပတ်သက်တဲ့ သတင်းလေးတွေကို ဆက်လက်တင်ပြပေးချင်ပါတယ်။ သင်္ကြန်ကာလအ တွင်းမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၆၁ လိုင်း ၊ ယာဉ်အစီးရေ ၇၆၉ စီးကို ပုံမှန်လမ်းကြောင်းအတိုင်း ယာဉ်စီးခ ပို မတောင်းဘဲ ပြေးဆွဲမယ်လို့ သိရပါတယ်။ မြို့နေခရီးသွားပြည်သူတွေ အတွက် ယခုသတင်းဟာ ၀မ်းသာစရာပဲ ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ သွားလာနေထိုင်စားသောက်ဖို့အတွက် ခက်ခဲကြတာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ အိမ်ကနေ မြို့ထဲကို သွားဖို့အတွက် လိုင်းကားက မရှိ။ အောက်ဆိုက်ကားတွေကို ယာဉ်စီးခ ၂ဆ ၃ဆ ပေးပြီး သွားလာနေခဲ့ရတာ သင်္ကြန်မှာ နှစ်စဉ်ကြုံခဲ့ရပါတယ်။ ယခုနှစ်တော့ YBS ကားတွေကို ပုံမှန်အတိုင်း ပြေးဆွဲပေးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပြည်သူတွေ သွားလာရေး အဆင်ပြေကြတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် လမ်းလျှောက်သင်္ကြန်မှာ လည်ချင်သူတွေအတွက် လိုင်းကားတွေရှိနေတဲ့ အတွက် ကုန်ကျစရိတ်တွေ သက်သာစေမှာ အမှန်ပါပဲ။ ရေပက်ခံကားနဲ့ မလည်ပတ်ချင်သူတွေအတွက် YBS စီးပြီး ရန်ကုန်မြို့ထဲကို ခရီးဆက်နိုင် မှာ ဖြစ်သလို မဏ္ဍပ်တွေကိုလည်း လှည့်ပတ်ကြည့်ရှုနိုင်ကြတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ပုဒ်အနေနဲ့ တင်ပြချင်တာကတော့ သင်္ကြန်မှာ အလုပ် ပိတ်ရက် ခွင့်အပြည့်အ၀ရဖို့ အလုပ်သမားတွေ ဆန္ဒပြတဲ့သတင်းကို တင်ပြချင်ပါတယ်။ မင်္ဂလာဒုံမြို့နယ်က K.H.M Company Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားများဟာ သင်္ကြန်ကာလအတွင်း ပိတ်ရက်ခွင့် အပြည့်အဝ ရရှိရေးအတွက် မင်္ဂလာဒုံမြို့နယ် ပုပ္ပါးကျောင်းတိုက်ဘေးမှာ ဧပြီလ ၆ ရက်ကစပြီး ဆန္ဒပြနေကြပါတယ်။ အလုပ်သမားများ တောင်းဆိုထားတဲ့ သင်္ကြန်ကာလအတွင်း ပိတ်ရက် ၁၀ ရက် ရရှိရေး အပါအဝင် အချက် ၁၃ ချက်ကို ကုမ္ပဏီဘက်သို့ တောင်းဆိုထားပြီး ကုမ္ပဏီဘက်က အလုပ်သမားများ တောင်းဆိုထားတဲ့ အချက် ၁၃ ချက်အနက် ၇ ချက်ကို သဘောတူကြောင်းကြေညာချက် ပြန်ထုတ်ပေးထားခဲ့ပါတယ်။ သင်္ကြန်ရက်ရောက်ပြီဆိုရင် အလုပ်ခွင်ဝင်နေ သူတွေသာမက တစ်နေ့လုပ် တစ်နေ့စား ဈေးရောင်းဈေးဝယ်နဲ့ အသက်မွေးဝမ်းကြောင်း နေသူတွေအပါအ၀င် လူတော်တော်များများဟာ လုပ်ငန်းခွင်တွေကို ခေတ္တရပ်ဆိုင်းပြီး အပန်းဖြေ အနားယူတာတွေ ၊ ကုသိုလ်ကောင်းမှု ပြုတာတွေ အလှူအတန်းပြုတာတွေ နယ်မှာရှိတဲ့ မိသားစုတွေဆီကို ခေတ္တပြန်တာတွေကို ပြုလုပ်ကြလေ့ရှိပါတယ်။ သို့သော်လည်း အလုပ်သမား ၀န်ထမ်းချို့ကတော့ သင်္ကြန်ရက်မှာ လုပ်ခလစာလည်း အပြည့်မရ ၊အထက်လူကြီးတွေရဲ့ နားလှည့်ပါးရိုက် လူလည်ကျမှုကို ခံပြီး လုပ်ငန်းခွင်ကို ၀င်နေကြရတဲ့ပုဂ္ဂလိက ၀န်ထမ်းတွေ ရှိကြပါတယ်။ အမှန်တော့ သင်္ကြန်ရက်မှာ ပိတ်ရက်ပေးပြီး အနားယူခွင့်ပေး သင့်ပါတယ်။ ဒါမှသာ နှစ်သစ်အစပြုချိန်မှာ လူသစ်စိတ်သစ်မွေးပြီး လန်းဆန်းတက်ကြွစွာနဲ့ လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်ကာလမှာ အလုပ်သမားတွေ လစာအဖြတ် မခံရဘဲ ခွင့်ခံစားခွင့်တွေ ရရှိကြပါစေ။ အလိုရှိရာ တောင်းတရာ ဆန္ဒတွေ ကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။

အထက်ဖော်ပြပါသတင်းကောက်နုတ်ချက်တွေကို ပဉ္စမလှိုင်းမီဒီယာ ၊ Akonthi ၊ ပေါ်ပြူလာနယူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့မှ တဆင့်ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply