ဖာပွန်ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပေးရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရမှုကြောင့်သေဆုံး

0
123

ရန်ကုန် ၊ ဧပြီ ၉ ၊ ၂၀၁၈

မူကြော်(ဖာပွန်)ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပေးရေးအဖွဲ့ဝင် လယ်မှု ပလောရွာသား စောအိုမူးအား ဧပြီလ ၅ရက်နေ့က လယ်မူ ပလောရွာသို့အပြန်လမ်းခရီးတွင် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စောစိုးဒို ကပြောသည်။

“KNU ဘက်အောက်ခြေပိုင်းကလာတဲ့သတင်းအရတော့ ကူညီကယ် ဆယ်ရေးအပြီး အပြန်လမ်းမှာ အပစ်ခံရတယ်။ လူလည်းပြန်မလာသေးဘူး သေဆုံးပြီလို့ကောက်ချက်ချတယ် ။ ကျွန်တော်တို့ အဲ့နေရာကအရင်က တပ်မရှိဘူး။အခုကသူတို့ရောက်ရမယ့်နေရာကိုကျော်နေတယ်အဲ့လိုဖြစ်နေတယ်” ဟု စောစိုးဒိုကပြောသည်။

တပ်မတော်သည် ဖာပွန်ခရိုင်အတွင်း မတ်လ(၄)ရက်နေ့မှစတင်၍ စစ်ဆင်ရေး လမ်းကြောင်းကို အထောက်အကူပြုနိုင်သည့် ကားလမ်းကို ခေးပူကျေးရွာနှင့် လယ်မူပလော ကျေးရွာအကြားတွင် စတင်ဖောက် လုပ်ရန်ပြင်ဆင်နေပြီး KNUဘက်မှခွင့်မပြုနိုင်သည့်အတွက် တပ်မတော် ဘက်မှ တပ်လှုပ်ရှားမှုနှင့်ဒွန်တွဲသည့် လမ်းအူကြောင်းရှာသည့်လုပ်ငန်းကို ဆက်လက်ပြု လုပ်လာသောကြောင့် စစ်ရေးတင်းမာမှုဖြစ်ပေါ်လာပြီး ဒေသခံ (၁၄)ရွာမှ လူပေါင်း(၂၀၀၀)နီးပါး ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း KNUမှ မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန် ထားခဲ့သည်။

စစ်ဘေးတိမ်းရှောင်နေရသည့် အရေးပေါ်ကူညီထောက်ပေးရေး အဖွဲ့ကို မတ်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေး ရှောင်များအတွက် ကျန်းမာရေးနှင့်စားနပ်ရိက္ခာများအား ကူညီထောက်ပံ့ပေးနေပြီး သေဆုံး သည်ဟုယူဆရသူ စောအိုမူး သည် ဌာနေကရင်လူထုခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

ထွက်ပြေးတိမ်းရှောင်သူများအား ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေသည့် လူမှုဝန်ထမ်းများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာ ရပ်ခံကြောင်း ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်တောင်းဆို ထားသည်။

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးဆိုင်ရာပူးတွဲကော်မတီ JMC-S အရေးပေါ်အစည်းအဝေးကို ဧပြီ ၇ ရက်နေ့က ဘားအံမြို့တွင် ကျင်းပခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ JMC-U ကဖွဲ့စည်းထား သည့် အရပ်သားကိုယ်စားလှယ်များပါဝင်သည့် ကြားဝင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့သွား ရောက်ကြည့်ရှုပြီး KNU တပ်မဟာ(၅)နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။ အလား တူဖြစ်စဉ်မျိုးဆက်လက်မဖြစ်ပွား စေရေး တာဝန်ယူဆောင်ရွက်ရန် အပါအ၀င် ဆုံးဖြတ်ချက်လေးချက်ကိုချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

ကိုဥာဏ်

Leave a Reply