မြန်မာ့တပ်မတော်(လေ)အတွက် အဖြေရှာရမည့် F-7 ပုစ္ဆာ

0
163

Chengdu F-7 တိုက်လေယာဉ်များအား ၁၉၆၆ ခုနှစ်တွင် ဆိုဗီယက်တို့၏ နာမည်ကျော် Mig-21 တိုက်လေယာဉ်အား လိုင်စင်ယူကာ တရုတ်နိုင်ငံမှ ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။ NATO တပ်ဖွဲ့မှ ပေးအပ်ထားသော အမည် ဝှက်မှာ Fishbed ဖြစ်ပြီး စုစုပေါင်း အစီးရေ ၂၄၀၀ ကျော် ထုတ်လုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်မှု ပြီးဆုံးသွားသော်လည်း သက်ဆိုင်ရာ လေတပ်များတွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဝယ်ယူ အသုံးပြုခဲ့ပြီး အီရန်လေတပ်မှလွဲ၍ ကျန်နိုင်ငံများတွင် အသုံးပြုနေဆဲဖြစ် သည်။

အများဆုံးအသုံးပြုနေသော လေတပ်မှာ F-7 အား ထုတ်လုပ်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေတပ်ပင်ဖြစ်ပြီး ကျန်နိုင်ငံများတွင်လည်း ဆက်လက်အဆင့်မြှင့်တင်ကာ သုံးစွဲနေကြဆဲဖြစ်သည်။ တရုတ်လေတပ် တွင် လေယာဉ် အမျိုးအစားအားလုံး အရေအတွက်အရ စုစုပေါင်း ၃၀၀၀ ခန့် ရှိသည်။ အဆိုပါ လေယာဉ်များအနက် တိုက်လေယာဉ် အင်အားစုမှာ လေယာဉ် ၁၅၀၀ ခန့်ဖြင့် စုဖွဲ့ထားသည်။ တိုက်လေယာဉ် ၁၅၀၀ စာရင်း ထဲတွင် F-7 (တရုတ်တွင် J-7) တိုက်လေယာဉ်များမှာ အစီး ၇၂၀ ကျော် ပါဝင်လျှက်ရှိပါသည်။ တရုတ်ရေတပ်တွင်လည်း အစီး ၃၀ အသုံးပြု နေပြီး လေ့ကျင့်ရေးတိုက်လေယာဉ်အဖြစ် အစီး ၄၀ အသုံးပြုနေပါသည်။ အတို ချုပ်ဆိုရလျှင် တရုတ်လေတပ်တစ်ခုလုံး၏ အဓိကတိုက်ပွဲဝင်နိုင်သော တိုက်လေယာဉ်ထက်ဝက်ခန့်မှာ F-7 တိုက်လေယာဉ်များပင် ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်လေတပ်မှ J-7 တိုက်လေယာဉ်များအား J-10 တိုက်လေယာဉ်များဖြင့် အစားထိုးနိုင်ပြီဖြစ်သော်လည်း J-10 လေယာဉ် များထဲတွင် ကနဦးထုတ်လုပ်ထားသော J-10 A/B တိုက်လေယာဉ်မှာ အများစုဖြစ်နေသောကြောင့် J-7 လေယာဉ်များကိုလည်း လုံးဝအပြီးအပြတ် အနားပေးနိုင်ခြင်း မရှိသေးဘဲ အဆင့်မြှင့်တင်ကာ သုံးစွဲနေရခြင်း ပင်ဖြစ်သည်။

မြန်မာ့လေတပ် (MAF) သည် F-7 တိုက်လေယာဉ် အစီး ၆၀ ကျော်အား ၁၉၉၀ ခုနှစ် ကာလများအတွင်း အသုတ်လိုက် ဝယ်ယူခဲ့ပါသည်။ စီးပွားရေး ပိတ်ဆို့ခံထားရသော ကာလဖြစ်သောကြောင့် ရွေးချယ်ဝယ်ယူခွင့် များများ စားစားမရှိဘဲ တရုတ်တို့ထံမှ ဈေးပေါသော F-7 တိုက်လေယာဉ်များကိုသာ ရွေးချယ်ဝယ်ယူခဲ့ရသည်။ F-7 (J-7) တိုက်လေယာဉ်တွင် မျိုးကွဲများစွာ ရှိသည့်အနက် မြန်မာ့လေတပ် ဝယ်ယူခဲ့သည်မှာ J-7II နှင့် J-7M Air Guard မျိုးကွဲများထဲမှ ဖြစ်နိုင်ချေရှိသည်။ ၎င်းတို့အနက် F-7IIK နှင့် F-7BK မျိုးကွဲများ ဝယ်ယူခဲ့သည်ဟု Wikipedia တွင် ဖော်ပြထားပါသည်။ F-7 တိုက်လေယာဉ်များအား နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြားဖြတ်တိုက်လေယာဉ် (Interseptor) များအဖြစ် အသုံးချခဲ့ပါသည်။

F-7IIK သည် မူလ F-7M Air Guard တိုက်လေယာဉ်အား အနည်းငယ် ပြုပြင်ပြောင်းလဲထားပြီး တရုတ်ပြည်တွင်းသုံး တိုက်လေယာဉ်များထက် ဈေးသက်သာစွာဝယ်ယူနိုင်ရန် ထုတ်လုပ်ထားသော တိုက်လေယာဉ် ဖြစ်သည်။ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်ဟုဆိုသော်လည်း လေကြောင်းစစ်ဆင်ရေး စနစ်အများစုမှာ ဗြိတိန်စနစ်များ၊ အခြား အနောက်နိုင်ငံနှင့် ဆိုဗီယက်တို့၏ စနစ်များကို အပြန်အလှန်လေ့လာပြီး တရုတ်ပြည်တွင်းတွင် ထုတ်လုပ်ထားသော စနစ်များဖြင့်တပ်ဆင် ဖွဲ့စည်းထားပါသည်။ ဥပမာ Sky Ranger 7M ရေဒါစနစ်သည် မူလ Sky Ranger ရေဒါထက် ပိုမိုအဆင့်မြင့်သည်။ သို့သော်လည်း 15km သာဖမ်းယူနိုင်သောကြောင့် စွမ်းဆောင်ရည် များစွာနိမ့်ပါးသည်။ ဗြိတိန်နိုင်ငံလုပ် Type-956 HUDAWAC (Head Up Display And Weapon Aiming Computer), MADS-7 အီလက်ထရောနစ် စစ်ဆင်ရေးစနစ် စသည်တို့အား ပေါင်းစပ်တပ်ဆင်ထားသည်။ ထို့အပြင် လေယာဉ်မောင်းနှင်ခန်းအားလည်း ဗြိတိန်စနစ်များနှင့် တွဲဖက်နိုင်စေရန် အထူးပြုပြင်ထားပါသည်။ သို့သော် စနစ်အားလုံးသည် အနောက်နိုင်ငံလုပ် စနစ်များချည်းမဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ရန်သူမိတ်ဆွေ ခွဲခြားစနစ်၊ ရေဒါသတိပေး အာရုံခံစနစ် စသည်တို့အား ထပ်ပိုးတပ်ဆင်ပေးထားသည်။ ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ F-7IIK တိုက်လေယာဉ် ၁၀ စီးသည် ဦးစွာရောက်ရှိလာခဲ့သည်။

၁၉၉၀ နောက်ပိုင်းမှ ၁၉၉၉ ခုနှစ်အတွင်း ရောက်ရှိလာသော တိုက် လေယာဉ် များမှာမူ F-7BK အမျိုးအစားများဖြစ်ပြီး ကနဦး ဝယ်ယူခဲ့သော F-7IIK များအား အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ မူလအင်ဂျင်ထက် အပူထုတ်လွှင့်မှုပိုသော အင်ဂျင်အသစ် တပ်ဆင်ထားသောကြောင့် တိုက်လေယာဉ်၏ အနောက်ဘက်နေရာများတွင် အပူဒဏ်ခံနိုင်စေရန် အထူးတည်ဆောက်ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ F-7BK တိုက်လေယာဉ် ၄၈ စီးအထိ ရောက်ရှိလာခဲ့သည့် အပြင် ကနဦးဝယ်ယူထားသော တိုက်လေယာဉ်များအား F-7BK အဖြစ်သို့ ပြုပြင်တည်ဆောက်ခဲ့သည်။ မြန်မာ့လေတပ်ထံသို့ လေယာဉ်များ ရောက်ရှိ ပြီး နှစ်အနည်းအတွင်းမှာပင် အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် F-7 တိုက်လေယာဉ်များသည် ပျက်ကျ မှုများ အပါအဝင် မတော်တဆမှု များစွာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းလေယာဉ် များသည် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် စစ်အေးခေတ် စက်ပစ္စည်းများဖြစ်သောကြောင့် သက္ကရာဇ် ၂၀၀၀ ကျော်လွန်လာသောအခါ ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ တိုက်လေယာဉ်များ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သောအခါတွင် အပိုပစ္စည်း ရရှိနိုင်ရန်အတွက် ပိုမိုခက်ခဲ လာခဲ့သည်။

ထို့ကြောင့်ပင် F-7 များ၏ Avionic စနစ်များအား အစ္စရေးနိုင်ငံထုတ် စနစ်များဖြင့် လဲလှယ်ခဲ့ပါသည်။ ဥပမာ မူလရေဒါ၏ စွမ်းဆောင်ရည် နိမ့်ပါးလှသောကြောင့် Elta EL/M 2030 Radar များဖြင့် အစားထိုး ခဲ့ခြင်းနှင့် Mission Computer အသစ်လဲလှယ်ခြင်း Python-3 IR Missile များဖြင့် တွဲဖက်အသုံးပြုနိုင်ရန် ပြောင်းလဲတည်ဆောက်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့အပြင် Lightening Pod နှင့် Guided Bomb များအသုံး ပြုနိုင်ရန်လည်း အဆင့်မြှင့်တင်ခဲ့သည်ဟု အင်တာနက် သတင်း များတွင် ဖော်ပြထားသည်။ မြန်မာလေတပ်၏ F-7 တိုက်လေယာဉ်အုပ်များအား Elbit ကုမ္ပဏီမှ တာဝန်ယူ အဆင့်မြှင့်ပေးခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး F-7 တိုက်လေယာဉ် အစီး ၃၀ ကျော်အား အဆင့်မြှင့်တင်ပေးခဲ့သည်ဟု သိရသည်။

ဧပြီလ ၂ ရက်နေ့တွင် မြန်မာလေတပ်မှ လေ့ကျင့်ပျံသန်းနေသော F-7 တိုက်လေယာဉ်သည် လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်ရန် ပြင်ဆင်နေစဉ်မှာပင် အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ကာ ပျက်ကျခဲ့သည်။ လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူးအာကာဝင်းမှာ အရေးပေါ်ထိုင်ခုံဖြင့် ခုန် ထွက်နိုင်ခဲ့သော်လည်း ကံမကောင်းစွာပင် အသက်သေဆုံး သွားခဲ့ ရသည်။ အင်ဂျင်ချို့ယွင်းချိန်တွင် တိုက်လေယာဉ်သည် အမြင့်မီတာ ၃၀၀ ခန့်တွင် ပျံဝဲနေနိုင်ပြီး လေယာဉ်မှူးအား အသက်ရှင်လျှက် ခုန်ထွက်နိုင်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း လေယာဉ်ကိုယ်ထည်သည် မြေပြင်နှင့် ရိုက်ခတ်မိပြီးချိန်မှသာ ခုန်ထွက်ခဲ့သောကြောင့် လေထီးပွင့်ရန် အမြင့်ပေ မလုံလောက်ခဲ့ပဲ ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ကျေးရွာအနီးရှိ ပြည်သူများမှ အချိန်မီကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဗိုလ်မှူးအာကာဝင်းသည် ရရှိထားသော ဒဏ်ရာများဖြင့် ကျဆုံးသွား ခဲ့ရသည်။

ယခုပျက်ကျမှုဖြစ်စဉ်တွင် F-7 တိုက်လေယာဉ်၏ အင်ဂျင်သည် ချို့ယွင်း မှုကြောင့် ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။ Delta Wing အသုံးပြုထားပြီး လျှင်မြန်မှုရရှိစေရန် ဦးစားပေးတည်ဆောက်ထားသောကြောင့် F-7 တိုက်လေယာဉ်သည် အချိန်ကြာမြင့်စွာ လေဟုန်စီးနိုင်ရန်အတွက် တောင်ပံဧရိယာ မလုံလောက်ပဲ သေးငယ်နေပါသည်။ ထို့ကြောင့်ပင် လေယာဉ်မှူးအနေဖြင့် အောက်ဘက်တွင်ရှိသော မြို့ရွာများအား ရှောင်ရှား ရန် ကနဦးအားထုတ်ကြိုးပမ်းခဲ့ပြီး အသက်ရှင် လွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း လုံလောက်သောအမြင့်ပေတွင် ရှိမ နေတော့ပဲ ကျဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ အခြားတစ်ချက်ကို ကြည့်မည် ဆိုလျှင် တိုက်လေယာဉ်တွင် တပ်ဆင်ထားသော အရေးပေါ် အသက်ကယ် ထိုင်ခုံပင်ဖြစ်သည်။ F-7 Sky Bolt အတွဲတွင် ဗြိတိန်နိုင်ငံလုပ် Martin baker Mk.10 Ejection Seat ပါဝင်ခဲ့သည်။ သို့သော် Sky Bolt အမျိုးအစားသည် F-7M တို့၏ နောက်ထပ်မျိုးဆက်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် မြန်မာလေတပ်၏ F-7IIK/BK/M တိုက်လေယာဉ်များတွင်မူ တရုတ်နိုင်ငံထုတ် HTY-2 Eject Seat သာ တပ်ဆင်ထားမည်ဟု ယူဆရပါသည်။

လေယာဉ်များအားလုံး လက်ခံရရှိခဲ့ပြီးသော ၁၉၉၉ ခုနှစ်မှ စတင်ရေ တွက်လျှင် မြန်မာလေတပ်၏ သက်တမ်းအနုဆုံး F-7 တိုက်လေယာဉ် များသည် သက်တမ်းနှစ်နှစ်ဆယ် ရှိသွားပြီဖြစ်သည်။ F-7 တိုက်လေယာဉ် များ ထုတ်လုပ်နေစဉ်ကာလတွင် တရုတ်နိုင်ငံ၏ လေယာဉ်ထုတ်လုပ်ရေးမှာ များစွာခေတ်နောက်ကျနေခဲ့သည့်အပြင် ကွာလတီပိုင်းမှာလည်း အတော် ပင် အားနည်းသည်။ ထို့ကြောင့် F-7 တိုက်လေယာဉ်တို့၏ အရေးပေါ် အသက်ကယ် ထိုင်ခုံများမှာလည်း သက်တမ်းလွန်ခြင်း ဟောင်းနွမ်းခြင်းတို့ ဖြစ်ပေါ်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အရေးပေါ် ဆင်းသက်ရန် ကိစ္စများ ပေါ်ပေါက်လာပါက အသက်ကယ်ထိုင်ခုံများအား ယုံကြည် စိတ်ချ ရမှု အားနည်းသောကြောင့် တိုက်လေယာဉ်မှူးများ၏ အသက် အန္တရာယ် မှာ များစွာကြီးမားနိုင်ပါသည်။ F-7 တိုက်လေယာဉ်များသည် စတင် ဝယ်ယူ ချိန်မှ ယနေ့အထိ မတော်တဆမှု အများဆုံးဖြစ်သည့် တိုက်လေယာဉ် ဖြစ်နေခြင်းကြောင့် အဆိုပါလေယာဉ်များအား မြေပြင်တွင်ရပ်နားကာ စမ်းသပ်ပြုပြင် အဖြေရှာခြင်း၊ အသက်ကယ်အထောက်အကူပြု ကိရိယာများအား စစ်ဆေးပြုပြင်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သင့်ပါသည်။

မြန်မာလေတပ်သည် များပြားလှသော F-7 တိုက်လေယာဉ်အုပ်စုအား မကြာမီနှစ်များအတွင်း အနားပေးရတော့မည် ဖြစ်သည်။ တရုတ်နိုင်ငံ သည်ပင် အသုတ်လိုက်အစားထိုးနေပြီဖြစ်သော F-7 များသည် သူ့ခေတ်သူ့အခါက အတော်အတန် ကောင်းမွန်သည့် တိုက်လေယာဉ်များ ဖြစ်ခဲ့သော်ငြား ယနေ့ခေတ်တွင်မူ အတော်ပင် ဟောင်းနွမ်းရုံသာမက မျိုးဆက်အရ ခေတ်မမီတော့ပေ။ ထို့ကြောင့် ၎င်းတိုက်လေယာဉ်များအား အရေအတွက်လျှော့ချ အနားပေးပြီး သင့်တော်သော တိုက်လေယာဉ် အုပ်ဖြင့် အစားထိုးရန် လိုအပ်ပေမည်။ F-7 တိုက်လေယာဉ်သည် တတိယ မျိုးဆက်ခေတ်ဦး တိုက်လေယာဉ်များဖြစ်ပြီး ယနေ့ခေတ်နှင့် လျှော်ညီမှု မရှိတော့ခြင်းကြောင့် မဖြစ်မနေ အနားပေးရတော့မည့် အနေအထားလည်း ဖြစ်သည်။ လက်ရှိတွင် မျိုးဆက်သစ်တိုက်လေယာဉ်များစွာ ပေါ်ပေါက် နေပြီး တရုတ်နိုင်ငံထံမှ ရွေးချယ်ဝယ်ယူရမည် ဆိုလျှင်ပင် မျိုးဆက်မြင့် တိုက်လေယာဉ် အမျိုးအစားအချို့အား ရွေးချယ်ဝယ်ယူနိုင်သော အခြေ အနေရှိနေပြီ ဖြစ်သည်။

အခြားသော အစီအစဉ်တစ်ခုအနေဖြင့် ထိုင်းတော်ဝင်လေတပ်၏ အဆင့် မြှင့်တင်ပြုလုပ်ပုံများအား အတုယူသင့်ပေသည်။ ထိုင်းတော်ဝင်လေတပ် သည် စစ်အေးခေတ်ကာလ တိုက်လေယာဉ်များဖြစ်သော F-5 တိုက်လေ ယာဉ် အစီးရာနှင့်ချီကာ ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ရေရှည်တွင်မူ တိုက် လေယာဉ် အစီးတစ်ရာကျော်သည် ထိုင်းလေတပ်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့ပြီး အပိုပစ္စည်းရှားပါးလာမှု၊ အဆင့်မမှီတော့မှုတို့ကြောင့် အခက်တွေ့ခဲ့ရသည်။ ယနေ့ခေတ်တွင်မူ အဆိုပါ F-5 တိုက်လေယာဉ် အစီးရာချီအနက် အစီး ၃၀ ဝန်းကျင်ကိုသာ ထိုင်းလေတပ်အနေဖြင့် သုံးစွဲနေသည်။ အစီးရေအား သုံးပုံနှစ်ပုံကျော်ထိ လျှော့ချခဲ့ပြီး လိုအပ် နေသော အဆင့်မြှင့်တင်မှုအား တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်ခဲ့သည်။ F-5 လေယာဉ်များကို အစ္စရေးမှပင် အဆင့်မြှင့်တင်ပေးခဲ့ပြီး ယခုအခါ အဆိုပါတိုက်လေယာဉ်များသည် ကြားဖြတ်တိုက်ခိုက်ရေး နှင့် တိကျ ပဲ့ထိန်းလက်နက်သုံး တိုက်ခိုက်ရမည့် စစ်ဆင်ရေးများတွင် ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နေနိုင်ပြီဖြစ်သည်။

မြန်မာလေတပ် (MAF) အနေဖြင့်လည်း F-7 တိုက်လေယာဉ်များ၏ နေရာတွင် စတုတ္တမျိုးဆက် တိုက်လေယာဉ်တစ်မျိုးဖြင့် အစားထိုးရမည် ဖြစ်သည်။ လက်ရှိအချိန်ထိ F-7 တိုက်လေယာဉ် အစီး ၃၀ ကျော် အသုံးပြု နေသောကြောင့် အစားထိုးရမည့် အရေအတွက်မှာ များပြားနေပါသည်။ ထို့အပြင် အပိုပစ္စည်းမရရှိတော့ခြင်းမှာလည်း ပြဿနာတစ်ခု ဖြစ်နေ သောကြောင့် လက်ရှိအသုံးပြုနေဆဲ F-7 တိုက်လေယာဉ်များအား ထက်ဝက်ခန့် လျှော့ချသင့်ပေသည်။ အစားထိုးမည့် တိုက်လေယာဉ်များ မရောက်ရှိမီအထိ လုံးဝဖျက်သိမ်းခြင်းမျိုး မပြုလုပ်ဘဲ တိုက်လေယာဉ် ၁၂ စီးမှ ၁၆ စီးခန့်ကိုသာ အဆင့်မြှင့်တင် သုံးစွဲသင့်သည်။ မြန်မာလေတပ် အနေဖြင့် JF-17 တိုက်လေယာဉ် ၁၆ စီးအား မှာယူအင်အားဖြည့်တင်း မှုသည် F-7 များအား အနားပေးလိုမှုကြောင့်ဟု ယေဘူယျအားဖြင့် သုံးသပ်နိုင်သည်။ သို့သော် JF-17 တိုက်လေယာဉ်အချို့သည် ထုတ်လုပ်ရေး ပြီးစီးနေသည့်တိုင်အောင် မည်သည့်အကြောင်းများကြောင့် ရောက်ရှိမလာသည်နည်း ဆိုသည့်မေးခွန်းကိုမူ အဖြေရှာရမည် ဖြစ်သည်။

အကယ်၍ JF-17 တိုက်လေယာဉ်များအားလုံး ရောက်ရှိလာပြီဆိုပါက F-7 တိုက်လေယာဉ်များအား စိတ်ချလက်ချ အနားပေးနိုင်ပြီဖြစ်သည်။ သို့တိုင်အောင်ပင် အစီးရေ ၆၀ ကျော်သော F-7 တိုက်လေယာဉ်များအား JF-17 တိုက်လေယာဉ် ၁၆ စီးဖြင့်သာ အစားထိုးခြင်းသည် အရေအတွက် အားဖြင့် နည်းပါးနေပါသေးသည်။ မြန်မာလေတပ်တွင် F-7 အပြင် Mig-29 တိုက်လေယာဉ် ၃၀ ခန့်အား အသုံးပြုနေပြီး JF-17 Block II နှင့် Su-30SME တိုက်လေယာဉ် အမျိုးအစားနှစ်ခုအား မှာယူထားသည်။ JF-17 တိုက်လေယာဉ် ၁၆ စီးအပြင် Su-30SME တိုက်လေယာဉ် ၆ စီး တို့ကြောင့် အာဆီယံဒေသတွင်း အခြားလေတပ်များနှင့် ကွာဟချက်အား အဆင့်တစ်ခုအထိ လျှော့ချထားနိုင်မည်ဖြစ်သည်။ သို့သော်လည်း မကြာမီအနားပေးရတော့မည့် တိုက်လေယာဉ်များဖြစ်သော F-7 နှင့် A-5 တိုက်လေယာဉ်များ အားလုံးသာ အနားယူသွားပါက စစ်ဆင်ရေး တာဝန် များ အတွက် အရေအတွက်ပိုမို လိုအပ်လာမည်ဖြစ်သည်။ အဆိုပါ အရေး ကိစ္စအတွက်လည်း MAF အနေဖြင့် ကြိုတင်အဖြေရှာရတော့မည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ၂၀၁၈ ခုနှစ်သည် နှစ်ဦးစတင်သည့် နေ့က တည်းက လေယာဉ်/ရဟတ်ယာဉ်များ ကမ္ဘာအနှံ့ ပျက်ကျနေခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး အမေရိကန်တပ်မတော်ဆိုလျှင် တစ်ပတ်အတွင်း လေယာဉ်/ရဟတ်ယာဉ် ၅ စီး ဆုံးရှုံးခဲ့ကာ လူ ၁၄ ဦး သေဆုံး ခဲ့သော ကြောင့် ကပ်ဆိုက်သည်ဟုပင် ခေါ်ဝေါ်နေကြသည်။ ၂၀၁၈ ခုနှစ်၏ လေယာဉ်ပျက်ကျမည့် နှုန်းထားသည် ပိုမို၍တိုးတက်လာနိုင်ဖွယ်ရာ ရှိသောကြောင့် မိမိတို့နိုင်ငံအနေဖြင့် မတော်တဆ ဖြစ်မှုများကို ရှောင်ရှား သွားနိုင်စေရန် အဘက်ဘက်မှ လုံခြုံမှုအပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ပြုလုပ်ထားသင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

ဇွဲထွဋ်ဦး

Leave a Reply