သင်္ကြန်ကာလအတွင်း မန္တလေးဆေးရုံကြီးသို့ လူနာပေါင်း ၆၈၃ ဦးရောက်ရှိ ၊​ ၈ဦးသေဆုံး

0
162

မန္တလေး၊ ဧပြီ ၁၈၊ ၂၀၁၈

သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူသည့် လူနာပေါင်း ၆၈၃ ဦးရောက်ရှိခဲ့ပြီး ​သေဆုံးသူ ၈ ဦးရှိကြောင်း ဆေးလူမှုဆက်ဆံရေးဌာန က သိရသည်။

ဆေးရုံကုသမှုခံယူရသည့် လူနာများတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း သာမက အခြားပြည်နယ်နှင့် တိုင်းများမှ လူနာများလည်း လာရောက်ကုသ ကြောင်း သိရသည်။

“ဆေးရုံရောက်လာတဲ့အထဲမှာ ယာဉ်မတော်တဆဖြစ်တာများတယ်။ ခိုက်ရန်ဖြစ်ပွားတာနဲ့ အခြားမတော်တဆဖြစ်မှုတွေလည်းပါတယ်။ အရင်နှစ်က ထက်တော့ နည်းတယ်လို့ ပြောလို့ရတယ်” ဟု ဆေးလူမှုဆက်ဆံရေးဌာန က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း၌ ဆေးဝါးကုသမှုခံယူသည့် လူနာပေါင်း ၆၈၃တွင် ကျား ၅၉၁ဦး မ ၉၂ဦးရှိပြီး အတွင်းလူနာအဖြစ် ကျား ၁၆၇ဦး မ ၂၅ စုစုပေါင်း ၁၉၂ ဦးရှိခဲ့သည်။ ပြင်ပလူနာ အဖြစ် ကျား ၄၂၄ ဦး မ ၆၇ ဦး စုစုပေါင်း ၄၉၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း စသည်တို့ကို ကူညီနိုင်ရန်အတွက် လူမှုကူညီရေး အသင်း များနှင့် လုပ်အားပေးများက ဝိုင်းဝန်းကူညီမှုများရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်သင်္ကြန်ကာလက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူ ၈၁၃ ဦးရှိခဲ့ပြီး သေဆုံး ၁၇ ဦးရှိခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

photo – nay thurein

Leave a Reply