ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်းဟု ဒုရဲမှူး မိုးရန်နိုင်ပြော

0
152

ရန်ကုန် ၊ ဧပြီ ၂၀ ၊ ၂၀၁၈

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း တရားလိုပြသက်သေ ဖြစ်သူ ဒုရဲမှူးမိုးရန်နိုင်က မြောက်ပိုင်း ခရိုင်တရားရုံး ယနေ့ရုံးချိန်းအပြီးတွင်ပြောဆိုလိုက်သည်။

“အမှန်တရားဖွင့်ပြောရတဲ့အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆိုသူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ် ။ ထောင်ဖမ်းခံရ တယ် ဆိုတာ အဲ့ဒီအတိုင်း အမှန်ပါပဲ”ဟု သတင်းမီဒီယာ များ၏မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့သည်။

တရားလိုပြသက်သေအဖြစ်တင်သွင်းထားသည့် ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲ တပ်ကြပ်ကြီးခင်မောင်လင်းတို့ နှစ်ဦးသည် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်သည့် ၀လုံး နှင့် ကျော်စိုးဦးတို့အား ၂၀၁၇ ဒီဇင်ဘာ ၁၂ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခု တွင် ချိန်းဆို၍ ရခိုင် ဒေသမြောက်ပိုင်းလုံခြုံရေးနှင့်ပတ်သတ်သည့် လျှို့ဝှက်စာရွက်စာတမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရွက်စာတမ်းများကိုင်ဆောင်လာသည့် သတင်းထောက်နှစ်ဦး အား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ – ၃ (၁) (ဂ) တို့အရ တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ထောင်ချောက်ဆင်ဖမ်းဆီးခြင်းမှာ မှန်ကန်ကြောင်း ဒုရဲမှူး မိုးရန်နိုင်က တရားခွင်တွင် ထွက်ဆိုခဲ့ပြီး ခိုင်းစေခဲ့သည့် သူအား ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

တရားစွဲဆိုခံရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုအတွက် ယနေ့ရုံးချိန်း သည် ၁၄ကြိမ်မြောက်ရုံးချိန်းဖြစ်သည်။

ကိုဥာဏ်

Leave a Reply