ဒုရဲမှူးမျိုးရန်နိုင်၏ဇနီး ဒေါ်တူးနှင့် တွေ့ဆုံမေးမြန်းချက်

0
157

နေပြည်တော် ၊ဧပြီ ၂၁ ၊၂၀၁၈

ပဉ္စမလှိုင်း – အခုရဲမှူးကဘယ်မှာချုပ်ထားတယ်ဆိုတာကော သိပါသလားရှင့်။

ဒေါ်တူး – မသိပါဘူး။

ပဉ္စမလှိုင်း – ဒီနေ့မနက်မှာအန်တီတို့ကိုဆင်းခိုင်းတာလား။

ဒေါ်တူး- ဒီနေ့မနက်မှာလိုင်းခန်း ဖယ်ပေးရမယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ဒုရဲအုပ်ကဖုန်းဆက်လာတာပါ။ သူကတော့လူကြီးခိုင်းလို့လုပ်ရတာလို့တော့ပြောတယ်။

ပဉ္စမလှိုင်း – ရဲမှူးနဲ့မိသားစုတွေမတွေ့ရတာကြာပြီလား။

ဒေါ်တူး – သူ့ကို ဖမ်းချုပ်ကတည်းကမတွေ့ရတော့တာ။ကျွန်မတို့ကတော့ လိုင်းထဲမှာပဲနေနေတာပါ။ လောလောဆယ်ဘယ်မှာနေရမလဲဆိုတာတော့ မစဉ်းစားရသေးဘူး ။နောက်ရုံးချိန်းမတိုင်ခင် ဒီပွဲရုံတန်းမှာပဲနေရမှာပေါ့။

ပဉ္စမလှိုင်း – အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အန်တီအနေနဲ့တရားမျှတမှုရှိအောင်အစိုးရကို ဘာများတောင်းဆိုချင်ပါသလဲ။

ဒေါ်တူး – အစိုးရကို သမ္မတကြီးကိုတော့ပြောချင်ပါတယ်။ အမှန်တိုင်းပဲ ကျွန်မ ယောင်္ကျားကိုဖြစ်စေချင်ပါတယ်။ ထောင်မကျဘဲ အမှန်တရားကိုပေါ်ပေါက်စေချင်ပါတယ် ။ ဒီကိစ္စပြီးသွားရင်လည်း ဘယ်ရာထူး ဘာမှ မမက်တော့ဘူး ။ဒီရဲလောက ကနေထွက်တော့မယ် ။စဖမ်းချုပ်ကတည်းက ကလေးတွေနဲ့ကော ကျွန်မနဲ့ကော ဘယ်မိသားစုနဲ့ပါ မတွေ့ရဘူး။ ၄ လ ကျော်နေပြီ။

ပဉ္စမလှိုင်း – အခုအန်တီတို့ကြားသိနေရတဲ့ ရဲမှူးအခြေအနေက ဘယ်လိုပါလဲ အချုပ်ကျနေတာလား ။

ဒေါ်တူး – အချုပ်ကျနေတာပါ။ တပ်ရင်းစစ်မှာချုပ်ထားတာပါ ။ဝလုံးတို့က ချုပ်ကတည်းက သူ့ကိုလည်းချုပ်ထားတာပါ။

ပဉ္စမလှိုင်း – အခု အန်တီတို့မိသားစု သွားရေးလာရေးအတွက်ကော ဘာတွေများ အခက်အခဲရှိပါသလဲ။

ဒေါ်တူး – အကြီးမက တတိယနှစ်တက်နေတယ်။ တက်နေတာတော့ရှိတယ် ။ဘယ်လိုလုပ်ရမလဲဆိုတာတော့ အခုချိန်ထိမစဉ်းစားရသေးဘူး။ စဉ်းစားဖို့လည်း ခေါင်းတွေက တအားရှုပ်နေတယ် ။ဘာတွေဆက်ဖြစ်အုံးမလဲဆိုတာတော့ မခန့်မှန်းတတ်တော့ဘူး။

ပဉ္စမလှိုင်း – နိုင်ငံတော်သမ္မတပြောသွားတဲ့ထဲမှာ တရားဥပဒေစိုးမိုးရေးတို့ ဖြောင့်မတ်မှန်ကန်ရေးတို့အတွက်ပြောသွားတာတွေရှိတယ်။ အဲ့အတွက်သမ္မတကြီးကို ဘယ်လိုများတောင်းဆိုချင်ပါသလဲ ။

ဒေါ်တူး – အမှန်တရားတိုင်းပဲဖြစ်စေချင်တယ် ။ကျွန်မယောင်္ကျားက မဟုတ်တာမလုပ်တဲ့အတွက်အမှန်တရားတိုင်းပဲလုပ်ပေးပါလို့သမ္မတကြီးကိုတောင်းဆိုချင်ပါတယ် ။ သမ္မတကြီး ကူညီမှကိုဖြစ်မှာပါ ။သမ္မတကြီးကလွဲပြီး ဘယ်သူမှကူညီနိုင်လိမ့်မယ်လို့မထင်ပါဘူး။ ကျွန်မယောင်္ကျားကို နှိပ်စက်မှာကိုပဲ ကျွန်မကြောက်တယ်။ ရာထူးပြုတ်မှာလည်း ကျွန်မမကြောက်ဘူး။ ဟု ဒေါ်တူးမှ ပဉ္စမလှိုင်းမီဒီယာ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း တရားလိုပြသက်သေ ဖြစ်သူ ဒုရဲမှူးမိုးရန်နိုင်က မြောက်ပိုင်း ခရိုင်တရားရုံးဧပြီလ ၂၀ ရက်နေ့ ရုံးချိန်းအပြီးတွင်ပြောလိုက်ခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ်တင်သွင်းထားသည့် ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲ တပ်ကြပ်ကြီးခင်မောင်လင်းတို့ နှစ်ဦးသည် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်သည့် ၀လုံး နှင့် ကျော်စိုးဦးတို့အား ၂၀၁၇ ဒီဇင်ဘာ ၁၂ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခု တွင် ချိန်းဆို၍ ရခိုင် ဒေသမြောက်ပိုင်းလုံခြုံရေးနှင့်ပတ်သတ်သည့် လျှို့ဝှက်စာရွက်စာတမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စာရွက်စာတမ်းများကိုင်ဆောင်လာသည့် သတင်းထောက်နှစ်ဦး အား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ – ၃ (၁) (ဂ) တို့အရ တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမေးမြန်းသူ – ယဉ်ကေနွယ်

Leave a Reply