ပဉ္စမလှိုင်း မီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များ

0
135

ရန်ကုန် ၊ ဧပြီ ၂၂

ယခုတစ်ပတ်မှာ အရင်ဆုံး တင်ပြချင်တဲ့ သတင်းကတော့ ရိုက်တာ သတင်းထောက် ၂ယောက်ရဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း တရားလိုပြသက်သေ ဖြစ်သူ ဒုရဲမှူးမိုးရန်နိုင်က မြောက်ပိုင်း ခရိုင်တရားရုံးက ပြောဆိုလိုက်ပါတယ်။
“အမှန်တရားဖွင့်ပြောရတဲ့အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆိုသူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ် ။ ထောင်ဖမ်းခံရ တယ် ဆိုတာ အဲ့ဒီအတိုင်း အမှန်ပါပဲ”ဟု သတင်းမီဒီယာ များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ တရားလိုပြသက်သေအဖြစ်တင်သွင်းထားတဲ့ ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းတို့ နှစ်ဦးဟာ တရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ၀လုံး နှင့် ကျော်စိုးဦးတို့နဲ့အတူ ၂၀၁၇ ဒီဇင်ဘာ ၁၂ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခု၌ ချိန်းဆိုပြီး ရခိုင် ဒေသမြောက်ပိုင်းလုံခြုံရေးနှင့်ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစာရွက်စာတမ်းများကိုင်ဆောင်လာသည့် သတင်းထောက်နှစ်ဦး အား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ – ၃ (၁) (ဂ) တို့အရ တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တရားစွဲဆိုခံရိုက်တာသတင်း ထောက်နှစ်ဦးရဲ့ အမှုအတွက် ရုံးချိန်း ၁၄ကြိမ် ရုံးထုတ်ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒုရဲမှူးရဲ့ မိန်းမနဲ့ မိသားစုတွေဟာ ရဲလိုင်းခန်းကနေ ဖယ်ရှားခံလိုက်ရပါပြီ။ သိပ်မကြာခင်အချိန်အတွင်းမှာ ယခုအမှုကို စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။ စီရင်ချက်အရ ရိုက်တာ သတင်းထောက် ၂ ဦးရော ရဲ ၂ဦးပါ အမှုကနေ လွတ်မြောက်ဖို့ လမ်းအားနည်းနေပါတယ်။ ယခုအမှုဟာ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေတဲ့အခြေအနေဖြစ်လို ပြည်တွင်းရေးကို ပြည်ပသို့ ဖွင့်ချလိုက်တဲ့ အမှုအသွင်ဆောင်နေတဲ့အတွက် ကြီးလေးတဲ့ ပြစ်မှု ပြစ်ဒဏ်တွေ ချမှတ်ခံရဖွယ် ရှိနေတယ်လို့ သုံးသပ်လိုက်ရပါတယ်။

ယခုတင်ပြမယ့် သတင်းကတော့ FDA ညွှန်ချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကိုလုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုတယ်လို့ ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်က စီမံကိန်းများနှင့် ပတ်သက်ပြီးအဆောက်အဦများ အရည်အသွေးပြည့်မီမှုမရှိခြင်း၊ ဌာန အကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေးပေးပါရန် တိုင်ကြားလာမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါက်တာ သန်းထွဋ်ဟာ ၂၀၁၇ ခုနှစ်အတွင်း ၄င်းပိုင်ဆိုင်တဲ့ မြေကွက်ပေါ်က နေအိမ်အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနဲ့ နေအိမ်အတွင်း အသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ၄င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်မှာ ခြံစည်းရိုး ကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနှင့် ရေပန်းတစ်ခုတို့အား လည်းကောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတစ်ထောင့် ငါးရာကျော်)ကို အဆောက်အဦများ ဆောက်လုပ်ဖို့ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ဒါကြောင့် FDA က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ပထမသတင်းပေးတိုင်ချက် ဖွင့်ခဲ့ပါတယ်။ ယခုလို အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကို သက်ဆိုင်ရာကနေ ထိထိရောက်ရောက် အရေးယူလာတဲ့အပေါ် ပြည်သူတစ်ရပ်လုံးနဲ့ ပဉ္စမလှိုင်း မီဒီယာက အထူးကြိုဆိုလိုက်ရပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ လိုအပ်တာထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာတွေကို အသုံးချနေတာတွေ အဂတိလိုက်စားတာတွေကို ဆင်ခြင်နိုင်ကြဖို့ လိုအပ်ပါတယ်။

အခုတစ်ခါ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို တင်ပြချင်ပါတယ်။ အခုတစ်လောမှာ ငလျင်တွေ မကြာခဏ အလှုပ်များလာပါတယ်။ ဒါဟာ ငလျင်ကြီးတွေ လှုပ်ဖို့အတွက် ရှေ့ပြေးသင်္ကေတတွေ ဖြစ်နေတဲ့အတွက် ပြည်သူတွေ သတိပြုဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲက လက်ထောက် ညွှန်ကြားရေးမှူး ၁၉၃၀ မှာ ပဲခူးငလျင်လှုပ်ပြီးတဲ့နောက် ငလျင်ကြီးတွေ ငြိမ်နေတာ နှစ်ပေါင်း ၉၀ ကျော်လာပါပြီ။ ဒါကြောင့် ယခုလို ငလျင်အသေးလေးတွေ ခပ်စိပ်စိပ် လှုပ်လာတာဟာ ပြည်သူတွေအတွက် ငလျင်ကြီးတစ်ခု လှုပ်ဖို့ သတိပေးခေါင်းလောင်းသံလို့ပဲ ဆိုချင်ပါတယ်။ ငလျင်ရဲ့သဘောတရားအရ ဘယ်နေ့ ဘယ်အချိန် အင်အားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာကို အတိအကျ မခန့်မှန်းနိုင်တဲ့အတွက် ပြည်သူတွေဟာ ကြိုတင်ပြင်ဆင်မှု ရှိကြဖို့နဲ့ သတိရှိကြဖို့ကို အရေးကြီးပါတယ်လို့ ဆိုချင်ပါတယ်။ အားလုံး ဘေးကင်းကြပါစေ။

အခုတစ်ခါတော့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ သတင်းကို တင်ပြချင်ပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ကိုယ်စား လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကဒုက္ခသည် စခန်းများကို သွားရောက်စဉ်အတွင်း ဘာသာရေးခေါင်းဆောင်များနဲ့ အုပ်ချုပ်သူများ ကို တွေ့ဆုံခွင့်မရခဲ့ပါဘူး။
“ မြန်မာနိုင်ငံက သမ္မတကိုသိလားလို့မေးပါတယ်။ ဦးဝင်းမြင့်ပါလို့ ဖြေ တယ်။ ပြန်လာချင်တဲ့သူရှိလားဆိုတော့ အကုန်လုံးက ပြန်လာချင် တယ်လို့ပြောပါတယ်။ ပြန်လာချင်တဲ့သူလက်ထောင်ဆိုတော့ အားလုံးက လက်ထောင်ကြပါတယ်။ တွေ့ခဲ့တာကို တင်ပြခြင်းဖြစ်ပါတယ်။ NVC ကတ်ကို ကြောက်ရွံ့နေတာတွေ့ပါတယ်။ ဝန်ကြီးပြောတဲ့အခါမှာတော့ မကြောက်တော့ပါဘူး။ မော်လဝီတွေကိုတွေ့ချင်ပါတယ်။ လူကြီးတွေ ကိုတွေ့ချင်ပါတယ်။ အဖြစ်မှန်တွေကိုပြောပြချင်ပါတယ်။ ဒါပေမယ့် မတွေ့ခဲ့ရပါဘူး” ဟု ခရီးစဉ်အတွင်း ပါဝင်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ ဦးတင်မြင့် က ပြောပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ (၉) ဦး ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား နဲ့ဒါကာမြို့များသို့ သွားရောက်ခဲ့ပြီး ဧပြီလ ၁၉ရက်မှာ ရန်ကုန်မြို့ NRPC ရုံး၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ဘင်္ဂါလီအရေးကိစ္စဟာ အင်မတန်ကို ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အဆိုပါအရေးကို ကိုင်တွယ်ရာမှာ သတိကြီးစွာထားပြီး ပြည်ပနိုင်ငံတွေရဲ့ ဝေဖန်စရာ ထောက်စရာ မဖြစ်အောင် အသက်ညှာဆုံးနဲ့ အသိမ်မွှေ့ဆုံး နည်းလမ်းတွေနဲ့ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ နေရပ်စွန့်ခွာသူတွေလည်း မိမိတို့ ယခင်နေရာလေးတွေကို ပြန်လည်ရောက်နိုင်ကြပါစေ။ မြန်မာအစိုးရ အနေနဲ့လည်း ရခိုင်အရေးအတွက် နိုင်ငံတကာဖိအားတွေကို အကောင်းဆုံး ရုန်းထွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီတစ်ခါ တင်ပြချင်တဲ့သတင်းကတော့ မော်တော်ဆိုင်ကယ် စီးခွင့်မပြုတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်စီးရင် ထီးရောက်စွာ အရေးယူမယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ မြို့နယ်များတွင် စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ​​​ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင် မြို့နယ်များမှာသာ မော်တော်ဆိုင်ကယ်များကို စီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် လုံးဝ(လုံးဝ) စီးနင်းခွင့်မပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထို့အပြင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များစီးနင်းသည်ကို စစ်ဆေးတွေ့ရှိလျှင် နိုင်ငံပိုင်အဖြစ်သိမ်းမည်ဖြစ်ပြီး၊ နယ်ကျော်စီးနင်းသူများကိုလည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အခုလိုထုတ်ပြန်တာဟာ ဘယ်နှစ်ကြိမ်မြောက်လည်းတော့ မသိပါဘူး။ ထုတ်ပြန်ချက် ထုတ်ပေမယ့် ဖမ်းတဲ့အပိုင်းကတော့ အားနည်းနေပါတယ်။ ဘာကိုကြည့်ပြီး အားနည်းတယ်လို့ ဆိုရသလဲဆိုရင် အခုလက်ရှိမှာကိုပဲ ခွင့်ပြုချက်မရှိတဲ့ နယ်မြေတွေမှာ ဆိုင်ကယ်တွေ စီးနေကြပါတယ်။ ဆိုလိုတာကတော့ တကယ်ဖမ်းဖို့ တိုက်တွန်းလိုတာပဲ ဖြစ်ပါတယ်။ ဖမ်းမယ်ဆို တကယ်ဖမ်းပါ။ ဒါမှသာ ဥပဒေကို လေးစားလိုက်နာနိုင်ကြမှာ ဖြစ်ပါတယ်။

ယခုတင်ပြမယ့်သတင်းကတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံတဲ့ သတင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက်သမ္မတ ဦးဝင်းမြင့်ကို ပြည်တွင်းက နေရာအနှံ့က ပြည်သူတွေဟာ ကြိုဆို ထောက်ခံလျှက်ရှိနေကြပါတယ်။ သမ္မတ အသစ်ကလည်း တာဝန်ယူပြီး သိပ်မကြာခင်မှာပင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး သင်္ကြန်အပြီးမှာတော့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလိုက်ပါတယ်။ ဒါတွေဟာ သမ္မတသစ်တစ်ယောက်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ သမ္မတအသစ် ပေါ်လာတိုင်း မျှော်လင့်ချက် ထားတတ်ကြတာ သဘာဝပါ။ ဘဝအခက်အခဲတွေ စားဝတ်နေရေး မပြေလည်တာတွေ လူမှုစီးပွားဘဝတွေ ခက်ခဲနေတာတွေအတွက် တရားဥပဒေ စိုးမိုးရေးမရှိတာတွေအတွက် သမ္မတအသစ်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးမလဲလို့ မျှော်လင့်ကြတာ မထူးဆန်းပါဘူး။ ဒီအချက်အလက်တွေအပါအဝင် လိုအင်တွေကို သမ္မတက ဖော်ဆောင်ပေးနိုင်ဖို့ ထောက်ခံကြိုဆိုပွဲတွေ နေရာအနှံ့မှာ ပြုလုပ်ကြပါတယ်။ ဆိုလိုချင်တာကတော့ ထောက်ခံကြိုဆိုနေရုံနဲ့ မပြီးသေးပါဘူး ။ ပြည်သူ့အစိုးရအတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။ သမ္မတကို ထောက်ခံကြိုဆိုသလို ပြည်သူ့သမ္မတနဲ့အတူ မြန်မာပြည်ကြီး တိုးတက်သာယာဖို့အတွက် ပြည်သူတွေကပါ အစိုးရမလုပ်နိုင်တဲ့ အလုပ်တွေကို ကူညီရင်း အစိုးရကလည်း ပြည်သူ မဆောင်ရွက်နိုင်တဲ့အလုပ်တွေကို ပြန်ဖြည့်ဆည်းရင်း အပြန်အလှန် အကူအညီတွေနဲ့ တိုင်းပြည်ကောင်းဖို့ ကူညီနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။

အထက်ပါ သတင်းကောက်နုတ်ချက်များကို The Fifth Wave News ၊ မြန်မာ့အလင်းသတင်းစာ၊ The Voice တို့မှ သတင်းများကို ကောက်နှုတ်ထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply