ပုသိမ်​ကြီးမြို့​တော်​ခန်းမကို ခြောက်လဘတ်ဂျက် ကာလအတွင်း အပြီး​ဆောက်လုပ်မည်

0
177

မန္တ​လေး၊ ဧပြီ ၂၅၊ ၂၀၁၈

မန္တ​လေးခရိုင် ပုသိမ်​ကြီးမြို့နယ်​တွင်​ မြို့အင်္ဂါရပ်​နှင့်​ကိုက်​ညီသည့်​ မြို့​တော်​ခန်းမကြီးကို ခြောက်လဘတ်ဂျက်ကာလအတွင်း ​အပြီး​ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်​ မဲဆန္ဒနယ်အမှတ် (၂) တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲမင်းဦး က​ပြောသည်​။

ယင်းမြို့​တော်​ခန်းမကို ပုသိမ်​ကြီးမြို့အတွင်းရှိ ဗိုလ်​ချုပ်​​ကြေးရုပ်​ တည်​ရှိရာ စည်​ပင်​သာယာပန်းခြံတွင် အကျယ်​အဝန်း​ ပေ ၆၀ × ၁၂၀ ​ဆောက်​လုပ်​မည်​ဖြစ်​ကာ ကျပ်​သိန်း​ပေါင်း (၁၈၀၀) ခန့်​ အကုန်အကျခံတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“မြို့အင်္ဂါရပ်​နှင့်​ အညီရှိသင့်​တဲ့ မြို့တော်ခန်းမ တည်​​ဆောက်​ပြီးစီးသွားရင် မြို့နယ်​လုံးဆိုင်​ရာ အခမ်းအနားတွေ လူထု​တွေ့ဆုံပွဲတွေ ၊ ​နေ့ထူး​နေ့မြတ်​အခမ်းအနားတွေကို ကျင်းပနိုင်မှာဖြစ်တယ် ။ နောက်ပြီး အများပြည်​သူ နဲ့ သက်​ဆိုင်​တဲ့ တရားပွဲ ၊ မင်္ဂလာ အခမ်းအနားတွေ အတွက်​လည်း အဖိုးအခသက်​သက်သာသာနဲ့ ငှါးရမ်း​ပေးသွားမှာဖြစ်တယ်။´´ ဟု ပုသိမ်ကြီးမြို့နယ်​ မဲဆန္ဒနယ်အမှတ် (၂) တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲမင်းဦး က​ပြောသည်​။

ထို့အပြင်​ ပုသိမ်​ကြီးမြို့နယ်​ကို တရားဥပ​ဒေစိုးမိုး​ရေး နှင့်​ ဖွံ့ဖြိုး​ရေး ကဏ္ဍများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မန္တလေးမြို့တော် စည်​ပင်​သာယာ နယ်​နိမိတ်​အတွင်း ထည့်​သွင်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ပုသိမ်​ကြီးမြို့နယ်​တွင်​ ကျေးရွာ အုပ်​စု ၅၉ စု ​ကျေးရွာ​ပေါင်း ၁၄၁ ရွာ ၊ လူဦး​ရေ (၃) သိန်းခန့်​ ရှိပြီး မန္တလေးမြို့ နှင့် ဆက်စပ်တည်ရှိနေသည် ။

နိုင်လင်းဦး

Leave a Reply