ကျောင်းသူ​ဆောင်​ အ​ဆောင်​ပိတ်​ချိန်​ ပြင်​ဆင်​​ပေးရန်မန်း တက္ကသိုလ် ကျောင်းသားသမဂ္ဂတောင်းဆို

0
165

မန္တလေး၊ ဧပြီ ၂၅၊ ၂၀၁၈

မန္တလေးတက္ကသိုလ်တွင် လာမည့်ပညာသင်ကာလမှာ ​ကျောင်းသူ​ဆောင်​များအနေဖြင့် အ​ဆောင်​ပိတ်​ချိန်​ ပြင်​ဆင်​​သတ်မှတ်ပေးရန်အတွက် ဧပြီလ ၂၅ရက်နေ့က မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တောင်းဆိုခဲ့သည်။

ကျောင်းသူများ၏ အဆောင်ပိတ်ချိန်သည် ညနေ (၆) နာရီဖြစ်ပြီး လာမည့် ပညာသင်ကာလသည်​ ပွင့်​လင်းရာသီဖြစ်​၍ ​နေ့တာရှည်​​သော ကာလ ဖြစ်​ခြင်း၊ ကျောင်းသူများ၏ ပညာရေးအထောက်အကူပြု သင်တန်းများ တတ်ရောက်ရန် အချိန်လုံလောက်စေခြင်း စသည်တို့ကြောင့် အဆောင် ပိတ်ချိန်အား ည (၇) နာရီသို့ ပြောင်းလဲပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သမဂ္ဂအနေနဲ့ ကျောင်းသူတွေ အခက်အခဲကို မေးကြည့် တော့ အဆောင်ပိတ်ချိန်စောလွန်းနေတယ်ဆိုပြီး ပြောကြတယ်။ ကျောင်းသူ တွေ က ကျောင်းသားတွေထက်အခွင့်အရေးနည်းပါးနေတယ်။ အပြင် ဒီပလိုမာသင်တန်းတွေက ည (၇) နာရီ လောက်မှ ပြီးကြတာများတယ်။ သူတို့တွေ သင်တန်းတွေ မတတ်နိုင်ကြဘူးဖြစ်နေတယ်။ ဒီနေ့တောင်းဆို တော့ ဒုပါချုပ်ကပြောတယ်။ သမီးရည်းစား ချိန်းတွေ့တာ တွေဖြစ်လာမယ် ဆိုပြီးတော့ ပြောလာတယ် ။ တကယ်သမီးရည်းစားတွေ့ချင်ရင် နေ့ခင်း အချိန်တွေမှာလည်းတွေ့လို့ရကြပါတယ်။´´ဟုမန္တ​လေးတက္ကသိုလ် ​​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်က ပြောသည်။

မန္တလေးတက္ကသိုလ်တွင် ကျောင်သူဆောင် အဆောင်ပေါင်း (၅) ဆောင်ရှိပြီး အဆောင်နေ ကျောင်းသူ (၈၀၀) ပတ်ဝန်းကျင်ရှိကြောင်း သိရသည်။

“ပါမောက္ခချုပ်က သူ့အနေနဲ့ အချိန်ပြောင်းပေးခွင့်မရှိဘူး ။ အဆောင် မှူးတွေ ဌာနမှူးတွေကပဲ ဝိုင်းဆုံးဖြတ်လို့ ရမယ်လို့ပြောတယ်´´ ဟု ကိုကျော်ဝင်းစိန် က ဆက်လက် ပြောသည်။

မန္တလေးတက္ကသိုလ်တွင် ကျောင်သားဆောင် (၂) ဆောင်ရှိပြီး အဆောင်နေ ကျောင်းသား (၃၀၀) ပတ်ဝန်းကျင်ရှိကာ ကျောင်းသားများအတွက်အဆောင် ပိတ်ချိန်မှာ ည (၁၁) နာရီ သတ်မှတ်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply