ပဉ္စမလှိုင်း မီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များ

0
122

ရန်ကုန် ၊ ဧပြီ ၂၉ ၊ ၂၀၁၈

အခုတစ်ပတ်အတွက် ပထမဆုံး တင်ပြမယ့် အကြောင်းကတော့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဒုဦးစီးမှူးတို့ကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်စိုးနိုင်ဟာ မန်ကျည်းအင်းကျေးရွာသစ်မှာ ပြည်ထဲရေး အမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရေး ကိစ္စနဲ့ပက်သတ်ပြီး ကျေးရွာနေ ဒေသခံများထံကနေ လက်ဆောင်ယူခြင်းနဲ့ ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် ပုဆိုးနဲ့ အင်္ကျီအပါအဝင် ငွေကျပ်သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထပ်မံယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ ငွေကျပ် သိန်း ၁၀၀ ကို ထပ်ပြီးတောင်းယူခဲ့တာဖြစ်ပါတယ်။ဒုတိယဦးစီးမှူးဦးကျော်ကျော်နိုင်ကတော့ ကျေးရွာ ကိစ္စနဲ့ပက်သတ်ပြီး ၂၀၁၅ ခုနှစ်မေလအတွင်းမှာ ကမ္ဘာအောင်မြေ ကုမ္ပဏီပိုင်ရှင်ထံကနေ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နဲ့ ၃၅ သိန်းတစ်ကြိမ် လက်ခံရယူထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ပေးအပ်လာတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကိုယ့်အကျိုးစီးပွားအတွက် အသုံးချပြီး အဂတိလိုက်စားခဲ့တဲ့အတွက် အခုလို အပြစ်ပေး အရေးယူခံရတာဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့လည်း သမ္မတအသစ် ဦးဝင်းမြင့် တာဝန်ယူတဲ့ နောက်ပိုင်းကာလတွေမှာ အကျင့်ပျက် ခြစားတာတွေ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နေတာဟာ အားရကျေနပ်ဖွယ်ရာပဲ ဖြစ်ပါတယ်။ အစိုးရအသစ်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ တိုင်းပြည်အတွက် အမှိုက်ဖြစ်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ မသမာသူတွေ အဂတိလိုက်စားမှု ပြုသူတွေကို အခုထက်ပိုပြီး ဖော်ထုတ်အရေးယူဖို့ လိုအပ်လှပါတယ်။ ပြည်သူတစ်ရပ်လုံးကလည်း မသမာတဲ့ ဝန်ထမ်းတွေကို တိုင်ပြည်မှာ မရှိစေဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တင်ပြတိုင်ကြားပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ဒီတစ်ခါတော့ ထိန်ပင်အမှိုက်ပုံမီးလောင်တဲ့သတင်းကို တင်ဆက်ပါရစေ။ ဧပြီ ၂၁ရက်နေ့ကနေ စပြီးလောင်ခဲ့တဲ့ အမှိုက်ပုံမီးလောင်မှုဟာ ဧပြီ ၂၉အထိ တငွေ့ငွေ့နဲ့ လောင်နေတုန်းပဲဖြစ်ပါတယ်။ အခုတော့ အမှိုက်ပုံ မီးလောင်မှုကို ထိုင်းနိုင်ငံက ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ Bio Foam နှင့်​ဆပ်​ပြာ​မှုန့်ရောစပ်​ပြီး စမ်းသပ်မီးငြှိမ်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တပ်မတော်၊ အပါအဝင် လူမှုအဖွဲ့အစည်းတွေဟာ အခုမီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံက ပညာရှင်တွေရဲ့ အကြံပြုချက်ကို ရယူပြီး မီးကို ငြှိမ်းသတ်ကြပါတော့မယ်။ အမှိုက်ပုံမီးလောင်မှုဟာ သေးသေးအခြေအနေတစ်ခုကနေ စတင်လောင်ကျွမ်းပြီး နောက်ဆုံးမှာတော့ မပြီးနိုင် မစီးနိုင်နဲ့ ရက်တွေကြာလာရတာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အမှိုက်ပုံမီးကို ပင်ပန်းဆင်းရဲခံပြီး ခြေကုန်လက်ပန်းကျအောင် ငြှိမ်းသတ်နေကြရတာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်က လူတွေမှာလည်း မီးခိုးငွေ့နဲ့ အမှိုက်ညှော်နံ့တွေ ခံစားရပြီး ဆေးရုံရောက်သူတွေရှိသလို ရောဂါသည်တစ်ဦးလည်း ညှော်နံ့ကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အားလုံးစိတ်ဝင်စားနေကြတဲ့ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်မှုကို အခုနောက်ဆုံးရတဲ့ Bio Foam နှင့်​ ဆပ်​ပြာမှုန့်ရောစပ် ပက်ဖျန်းမှုနဲ့ မြန်မြန်ငြှိမ်းသတ်နိုင်ပါစေလို့ မျှော်လင့်မိသလို မီးတွေငြှိမ်းအောင် မိုးတွေ သည်းသည်းမည်းမည်းရွာချပြီး အမှိုက်ပုံမီးငြှိမ်းအေးအောင် ဆောင်ရွက်နိုင်ပါစေလို့ မျှော်လင့်နေမိပါတယ်။

အခုတင်ပြမယ့် သတင်းကတော့ NVC ကတ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံသား ဖြစ်မဖြစ် စိစစ်ပေးဖို့ တောင်းဆိုနေကြတဲ့သတင်းကို တင်ပြပါမယ်။ NVC ကတ်ကိုင်ထားသူများဟာ နိုင်ငံသားဖြစ် မဖြစ် စိစစ်ပေးဖို့ သမ္မတထံကို နိုင်ငံရေးပါတီများတောင်းဆိုလိုက်ကြပါတယ်။NVC ကတ်ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံသားဖြစ်မဖြစ်ကို တည်ဆဲဥပဒေများအရလည်းကောင်း၊ ယင်းတို့ကို နိုင်ငံသားအခွင့်အရေးပေးခြင်းဟာ အခြေခံဥပဒေနှင့် ညီမညီကို ဖွဲ့စည်းပုံအခြေခံခုံရုံးမှလည်းကောင်း ပြည်သူများအတွက် ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီများက တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အခုတောင်းဆိုမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ကျော်က ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်း NVC ကတ်ကိုင်ဆောင်သူများကို သွားလိုရာသွားခွင့်ပေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုးပါတီက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး လက်ရှိမှာလည်း အဆိုပါကိစ္စအတွက် ဆန္ဒပြပွဲတွေကို ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး လဝက ဝန်ကြီးကတော့ NVC ကတ်ကိုင်ရုံနဲ့ နိုင်ငံအတွင်း လွတ်လပ်စွာသွားခွင့်ပြုတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ဆိုပါတယ်။သွားခွင့်ရှိတယ်ဆိုတာဟာ မြို့နယ်ထဲမှာပဲ သွားခွင့်ရှိတာဖြစ်ပြီး NVC ကတ်ကိုင်ရုံနဲ့ နိုင်ငံအတွင်းလွတ်လပ်စွာ သွားခွင့်ရှိတယ်ဆိုတာ မဟုတ်ပါဘူးလို့ ဝန်ကြီးက ပြန်ရှင်းထားပါတယ်။အခုကိစ္စဟာ လူမျိုးရေးကိစ္စတစ်ခုဖြစ်နေပြီး ပြတ်သားတဲ့ ဥပဒေ မူဝါဒတွေ မရှိရင် နောင်တချိန်မှာ မြန်မာ့ပြည်တွင်းရေးမှာ ရှင်းမရတဲ့ လူမျိုးရေး နိုင်ငံရေးပြသနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ ပြည်သူလူထု လက်ခံလောက်တဲ့ ရှင်းလင်းတင်ပြချက်တွေနဲ့အတူ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ယခုကိစ္စအတွက် ဘယ်လိုပဲ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပေမယ့်လည်း နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူတွေ အနေနဲ့ကတော့ စိုးရိမ်နေတာ အမှန်ပဲဖြစ်ပါတယ်။

အခုတစ်ခါ နိုင်ငံရေးသတင်းတစ်ပုဒ်ကို တင်ပြချင်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီဟာ ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကဆိုပါတယ်။ ဦးကိုကိုကြီးဦးဆောင်မယ့် ရှစ်လေးလုံးပြည်သူ့ပါတီဟာ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်တော့မယ့်အချိန်မှာ ပြည်သူတွေအတွက် ဘာတွေကိုဘယ်လို ဆောင်ရွက်ပေးမလဲ။ အားနည်းနေတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ပါတီအပြိုင်အဆိုင်တစ်ခုဖြစ်လာရင် ပြည်သူတွေအတွက် အားထားစရာတွေ ရလာမှာ ဖြစ်ပါတယ်။ NLD နဲ့ ပြည်ခိုင်ဖြိုး နှစ်ကောင်ထဲပြေးနေတဲ့ မြန်မာ့နိုင်ငံရေး ကစားပွဲမှာ ပြည်သူတွေအနေနဲ့ မဲပေးနိုင်ဖို့ ရွေးချယ်စရာဆိုတာ အင်မတန်ကို နည်းပါးနေပါတယ်။ ပြည်သူတွေဟာ ပြည်ခိုင်ဖြိုးနဲ့ NLDကို မကြိုက်တဲ့အခါ တခြားရွေးစရာဆိုလို့ လောက်လောက်လားလား ပါတီဆိုတာ မရှိပါဘူး။ အခု ခွင့်ပြုချက်ကျလာပြီဖြစ်တဲ့ ရှစ်လေးလုံးပါတီဟာ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အားကောင်းတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ မင်းလောင်းမျှော်တတ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် မဲပြာပုဆိုးပဲ ဝတ်ဆင်နေရတဲ့ဘဝက လွတ်အောင် နိုင်ငံရေးပါတီကောင်းတွေ အများကြီးပေါ်ပေါက်လာဖို့ လိုနေပါတယ်။ ပါတီတွေ အင်အားကောင်းလာမှသာ ပြည်သူတွေအနေနဲ့ ရွေးစရာတွေ များလာပြီး ဒီမိုကရေစီနိုင်ငံရေး ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခါတော့ အင်တာနက် Facebook ကနေ လိမ်နေတဲ့ဖြစ်စဉ်တွေအကြောင်းကို တင်ပြပေးချင်ပါတယ်။ ဆင်းမ်ကတ်တစ်ခုကို ငွေ ၅၀၀နဲ့ ဘယ်သူမဆို ပေါပေါလောလော ဝယ်လာနိုင်တဲ့အချိန်မှာ အွန်လိုင်းအသုံးပြုသူတွေဟာ အရမ်းကို များပြားလာနေတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အင်တာနက် အွန်လိုင်းကို အသုံးပြုပြီး ငွေကြေးလိမ်လည်တာတွေ၊ ကာမလိမ်လည်ရယူတာတွေကတော့ ပြောစရာရှိလာပြီ ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေကြားထဲမှာ ငွေကြေးလိမ်လည်မှုတွေထဲက ပြောချင်တဲ့အရာကတော့ လူတွေရဲ့ လောဘကို အသုံးချပြီး ငွေကြေးတွေ လိမ်လည်တဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ငွေဆိုတာ လူတိုင်းသည်းခြေကြိုက်အရာပါ။ ဘယ်လောက်ရင်းရင်ဘယ်လောက်ပြန်ရမယ်ဆိုပြီး မက်လုံးတွေ ချပြ၊ ပြီးတဲ့အခါ ငွေတောင်းပြီး တစ်စ တစ်စ ယုံကြည်မှုတည်ဆောက်၊ နောက်ပိုင်း ငွေအရင်းအနှီး များပြားလာတဲ့အခါ အကောင့်တွေပိတ်ပြီး ထွက်ပြေးတဲ့ ဖြစ်ရပ်တွေဟာ လက်တလော အဖြစ်များနေပါတယ်။ အွန်လိုင်းပေါ်ကနေ ဆုမဲတွေ ဆုကြတယ်။ သိန်း ၂၀၊ ၃၀ ကနေ နောက်ဆုံး သိန်းရာကျော်အထိ စုကြတယ်။ နောက်ဆုံးတော့ ထွက်ပြေးလိမ်လည်တာတွေဟာ အရမ်းကို အဖြစ်များလာနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်က ပြသနာတွေကို ဖြေရှင်းဖို့ ဥပဒေဆိုတာ ဆက်သွယ်ရေးဥပဒေလောက်သာရှိပါသေးတယ်။ အွန်လိုင်းကနေ လိမ်လည်မှုတွေအတွက် အရေးယူဖို့ ဥပဒေတွေကတော့ လက်ရှိမှာ မရှိသေးပါဘူး။ ဒါကြောင့် သက်ဆိုင်ရာပိုင်းကလည်း ဥပဒေတွေထပ်ရေးဆွဲဖို့ ပြင်ဆင်သင့်သလို အွန်လိုင်းသုံးစွဲသူတွေ အနေနဲ့လည်း လောဘတွေ လိုချင်မှုတွေကို လျော့ချပြီး အွန်လိုင်းကို ရိုးသားစွာ သုံးစွဲနိုင်မှသာ အလိမ်ခံရတဲ့ ကိစ္စတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။

အခုတစ်ပတ်အတွက် နောက်ဆုံးတင်ပြချင်တဲ့ သတင်းကတော့ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ယခုနှစ် ဧပြီလစာက စပြီး ခံစားခွင့်ရှိရမှာ ဖြစ်တယ်လို့ စီမံဘဏ္ဍာဝန်ကြီးဌာနက ယနေ့ ဧပြီ၂၉ ရက်နေ့စွဲနဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတဲ့ သတင်းပါ။ ဝန်ထမ်းလစာတိုးမယ့်သတင်းကို သမ္မတမိန့်ခွန်းမှာ ပါကတည်းက ဝန်ထမ်းတွေဟာ ဘယ်တော့တိုးမလဲဆိုပြီး သိချင်နေတာပါ။ လစာတိုးမယ့်သတင်းနဲ့အတူ ကုန်ဈေးနှုန်းကလည်း ခပ်ပါးပါးလေးထုံးစံအတိုင်း တက်သွားပြီ ဖြစ်ပါတယ်။ ကောက်ချက်ချရရင်တော့ တိုးတဲ့ငွေဟာ နောက်ဆုံးတော့ ဝန်ထမ်းထု မခံစားရဘဲ စီးပွားရေးသမားတွေသာ ကောင်းစားသွားမယ့်အရေးဖြစ်နေပါတယ်။ လစာလည်းတိုးပေးသလို တစ်ဖက်ကလည်း ကုန်ဈေးနှုန်းကို ထိန်းပေးဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

အထက်ပါသတင်းကောက်နုတ်ချက်များကို ပဉ္စမလှိုင်းမီဒီယာ၊ အကုန်သိ ၊ The Voice ၊ Popular News တို့မှ ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply