သုံးရက်ဆက်တိုက် လေတိုက်မှုကြောင့် သရက်ခြံများ ပျက်စီးမှု (၄၅) ရာခိုင်နှုန်းအထိရှိ

0
138

မန္တလေး၊ ဧပြီ ၃၀၊ ၂၀၁၈

မန္တလေးမြို့ နှင့်အနီးပတ်ဝန်းကျင်ရှိ မြို့များတွင် သုံးရက်ဆက်တိုက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ခြံများ ပျက်စီးမှု (၄၅) ရာခိုင်နှုန်းအထိရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းက သိရသည်။

ဧပြီလ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ သုံးရက်ဆက်တိုက် ညနေပိုင်းအချိန်များတွင် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် မန္တလေး၊ ကျောက်ဆည် ၊ မင်းကွန်း ၊ စစ်ကိုင်း စသည့် မြို့မျအနီးရှိ သရက်ခြံများ ပျက်စီးခဲ့ရကြောင်း သိရသည်။

“မတ္တရာဘက်တော့ သိပ်ပြီး အထိအခိုက်မရှိဘူး။ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ သရက်စိုက်တောင်သူတွေကို လေကာပင်တွေဖြစ်တဲ့ လဲမှိုပင်တို့ ဝါးပင်တို့ စိုက်ဖို့အကြံပြုတယ် ။ ခုလည်း သုံးရက်ဆက်တိုက် ညနေပိုင်းညပိုင်းတွေမှာ လေတိုက်တာ ပြင်းတော့ တော်တော်များများ ပျက်စီးကုန်တာ တွေ့ရတယ်။ ခုဟာကလည်း စိန်တစ်လုံးရာသီဆိုတော့ စိန်တစ်လုံး သရက်တွေပဲ အကြွေများနေတယ် ။´´ ဟု မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

ထိုသို့ လေပြင်းများတိုက်ခတ်သည့်အတွက် ကြွေကျလာသည့်သရက်သီးများကို သရက်ချဉ်သိပ်ခြင်း ၊ ယိုထိုးခြင်း စသည်တို့ပြုလုပ်ကြသော်လည်း အချို့တောင်သူများမှာ ကြားညှပ်၍ တရုတ်နိုင်ငံသို့ တင်ပို့နေသည့်အတွက် ဈေးကွက်များလည်း မကောင်းကြောင်း သိရသည်။

ယခုလက်ရှိတရုတ်နိုင်ငံတွင် ၁၆ ကီလိုဂရမ်ပါ သရက်တစ်ဖာလျှင် ယွမ် ၁၂၀ မှ ၁၃၀ အထိရှိပြီး ဧပြီလ တတိယအပတ်ထဲက ယွမ် ၁၅၀ အထိပေါက်ဈေးရှိကြောင်း ဟု မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းက သိရသည်။

နိုင်လင်းဦး

Leave a Reply