F-35 နှင့်ပတ်သက်သော သတင်းများအား ပယ်ချလိုက်သည့် အိန္ဒိယလေတပ်

0
160

အိန္ဒိယလေတပ် (IAF) သည် ယခုရက်ပိုင်းအတွင်း ထွက်ရှိနေသော အမေရိကန်နိုင်ငံထုတ် Lockheed Martin F-35 တိုက်လေယာဉ်များ ဝယ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းများအား တရားဝင်ပယ်ချ လိုက်ကြောင်းသိရသည်။

နိုင်ငံခြားဖြစ် တိုက်လေယာဉ်များအား ပြည်တွင်း၌ထုတ်လုပ်မည့် အစီ အစဉ်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဖျက်သိမ်းလိုက်ပြီးသည့်နောက် တွင် ပြည်ပမှ တိုက်လေယာဉ်အသစ်များ ဝယ်ယူရန် စဉ်းစားနေရာ F-35 တိုက်လေယာဉ်အား စိတ်ဝင်စားနေကြောင်း အိန္ဒိယနိုင်ငံတွင်းရှိ သတင်းစာများနှင့် အင်တာနက်ဝက်ဘ်ဆိုဒ်များပေါ်တွင် သတင်းများ ပျံ့နှံ့လျှက်ရှိသည်။ သို့သော် အိန္ဒိယလေတပ်ဦးစီးချုပ်ဖြစ်သူ B.S Dhanoa ကမူ အဆိုပါသတင်းများသည် အမှားများသာဖြစ်ပြီး အိန္ဒိယလေတပ် အနေဖြင့် မည်သည့်လေယာဉ်ကိုမျှ ရွေးချယ်မှုမပြုလုပ်ရသေးကြောင်း ဖြေကြားထားသည်။ F-35 တိုက်လေယာဉ်နှင့် ပတ်သက်ပြီး စိတ်ဝင်စား သော အနေအထားတွင်ပင် မရှိကြောင်းနှင့် မည်သည့်ကမ်းလှမ်းမှုမျိုးကိုမျှ ဆွေးနွေးခြင်းမျိုးမရှိကြောင်း ကြာသပတေးနေ့တွင်ပြုလုပ်သော နယူးဒေလီ သတင်းစာ၏ Think Tank တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တရားဝင် ဖြေကြားသွားခဲ့သည်။ အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းပြုလုပ်နေသော FGFA မျိုးဆက်သစ်တိုက်လေယာဉ် စီမံကိန်းသည်လည်း ဆယ်စုနှစ်တစ်ခု ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ တိုက်လေယာဉ်စီမံကိန်းအကြောင်း မေးမြန်းရာတွင်လည်း အစိုးရဆုံးဖြတ်ချက်ပေါ်တွင်သာ အတည်ဖြစ်မည်ဟု ဖြေကြားသွားခဲ့သည်။

လွန်ခဲ့သော တစ်ပတ်က အိန္ဒိယသည် FGFA စီမံကိန်းအား စွန့်လွှတ် လိုက်သည့် သတင်းအား မေးမြန်းခဲ့ရာတွင်လည်း နောက်ပိုင်းတွင် ရုရှား၏စီမံကိန်းတွင် ပြန်လည်ပါဝင်ခြင်း သို့မဟုတ် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်အား ရုရှားတို့ထံမှ အစအဆုံးဝယ်ယူခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း ဖြေကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပြင်သစ်နိုင်ငံ ထုတ် Dassult Rafale တိုက်လေယာဉ်များအား မကြာမီ လက်ခံရရှိတော့ မည်ဖြစ်သောကြောင့် ထပ်မံဝယ်ယူမည့် တိုက်လေယာဉ်များအတွက် မည်သို့ရွေးချယ်မည်ဆိုသည်ကို ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်သည်။ F-35 တိုက်လေယာဉ်မှာမူ Joint Strike Fighter ဟူသည့် အမည်အတိုင်း နိုင်ငံများစွာ ပူးပေါင်းစာချုပ် ချုပ်ဆိုထားသော တိုက်လေယာဉ် ဖြစ်သော ကြောင့် စာချုပ်တွင် မပါဝင်သော အိန္ဒိယနိုင်ငံထံသို့ ရောင်းချပေးနိုင်ရန် ရာနှုန်းနည်းပါးပါသည်။ ရောင်းချပေးမည်ဆိုပါက စာချုပ်တွင်ပါဝင်သော မဟာမိတ် နိုင်ငံများအားလုံး၏ သဘောတူညီချက် လိုအပ်မည်ဖြစ်ပြီး ရုရှားနှင့် အဓိကမဟာမိတ် ဖြစ်နေသော အိန္ဒိယနိုင်ငံ၏ အနေအထား ကြောင့် ရရှိနိုင်ရန် ခဲယဉ်းပါသည်။ ရောင်းချပေးသည့်တိုက်အောင်ပင် ဈေးနှုန်းများစွာကြီးမြင့်လှသော အနေအထားကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရွေးချယ်မှုပြုလုပ်ရန် စဉ်းစားရဦးမည်လည်းဖြစ်သည်။

ရုရှားနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်နေသော Fifth Generation Fighter Aircraft(FGFA) စီမံကိန်းသည်လည်း ကြန့်ကြာမှု များစွာဖြစ်ပေါ်နေပြီး ရုရှားနိုင်ငံသည် ၎င်းတို့လိုအပ်သော တိုက်လေယာဉ်အရေအတွက် မပြည့်မီ အိန္ဒိယထံသို့ တင်ပို့ရောင်းချသွားဖွယ် မရှိချေ။ ထို့အပြင် အိန္ဒိယလေတပ်၏ အဓိကလိုလားချက်မှာ ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် (Multi Mission Fighter Aircraft) ဖြစ်နေပြီး ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်သော FGFA ဖြင့် သက်ဆိုင်ခြင်းမရှိပေ။

အိန္ဒိယလေတပ်သည် လက်ရှိတွင် Su-30MKI တိုက်လေယာဉ် အစီး ၂၄၀ ကျော်အား ပင်မကျောရိုးအနေဖြင့် ဖွဲ့စည်းထားကာ Mig-21 Bison, Mig-29 UPG, Mirage-2000 တိုက်လေယာဉ်များဖြင့် ပေါင်းစပ် အသုံးပြုနေပါသည်။ ကျယ်ပြောလှသော နိုင်ငံ၏လေပိုင်နက်အား ကာကွယ်နိုင်ရန် တိုက်လေယာဉ် ၁၈ စီးမှ အစီး ၂၀ ထိပါဝင်သော တိုက်ခိုက်ရေးလေယာဉ်အုပ် ၃၁ ခု ဖွဲ့စည်းထားသော်လည်း အနည်းဆုံး လေယာဉ်အုပ်စု ၄၂ ခုအထိ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်နေကြောင်း ဖော်ပြထားပါသည်။

ဇွဲထွဋ်ဦး

Leave a Reply