ဗိုလ်လုပွဲတွေဆိုရင် ကံဆိုးတတ်တဲ့ ဂျာဂျန်ကလော့

0
133

မေ ၃ ၊ ၂၀၁၈

ရိုးမားကို အဝေးကွင်းမှာ အဝေးဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။

လီဗာပူးလ်အသင်းရဲ့နည်းပြ ဂျာဂျန်ကလော့ဟာ နည်းပြဘ၀မှာ အသင်း ၂ သင်းနဲ့အတူ ဗိုလ်လုပွဲ ၆ ကြိမ် ကိုင်တွယ်ခဲ့ဖူးပါတယ်။ ၄ ပွဲကတော့ ဒေါ့မွန် အသင်းနဲ့ဖြစ်ပြီး ၂ ပွဲကတော့ လီဗာပူးလ်အသင်းနဲ့ဖြစ်ပါတယ်။ဗိုလ်လုပွဲ ၆ကြိမ်ကို ကလော့အနေနဲ့ ဖြတ်သန်းတဲ့အခါမှာ ဗိုလ်စွဲမှုဟာ တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။အဲ့ဒါကတော့ ၂၀၁၂ ခုနှစ်မှာ ဒေါ့မွန်နဲ့အတူ ဘိုင်ယန်မြူးနစ်ကို ၅ – ၂ နဲ့ အနိုင်ရပြီး ဂျာမန် ဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဆုံတွေ့ပြီး ၁-၂ရလဒ်နဲ့ ၀င်ဘယ်လေကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် မှာတော့ ဂျာမန်ဖလားလုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပဲ ကစားခဲ့ပြီး ၀-၂ နဲ့ ရှုံးခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာတော့ ဂျာမန်ဖလားဗိုလ်လုပွဲမှာ ၀ုလ်ဘတ်ကို ၁-၃ ရလဒ်နဲ့ ရှုံးခဲ့ပြန်ပါတယ်။

ဂျာဂျန်ကလော့ဟာ အင်္ဂလန်မြေကို ခြေချပြီး သူ့ရဲ့ ပထမဆုံးဗိုလ်လုပွဲ ကတော့ မန်စီးတီးအသင်းနဲ့ ကစားရတဲ့ လိဂ်ဖလားဗိုလ်လုပွဲ ဖြစ်ပါတယ်။ ၂၀၁၆ ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို တစ်ဂိုးစီ သရေ ကျနေခဲ့ပြီး နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်မှာ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ကလော့ကိုင်တွယ်ဖူးခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲကတော့ ၂၀၁၆ခုနှစ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ဆီဗီးလားအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၁-၃ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်လုပွဲ၆ ကြိမ်မှာ တစ်ကြိမ်သာ ဖလားရဖူးတဲ့ ဂျာဂျန်ကလော့နဲ့ ချန်ပီယံလိဂ်ဆိုရင် စန်းထနေတတ်တဲ့ ရီးရဲမက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ ရီးရဲမက်ဒရစ်ကပဲ ချန်ပီယံဘွဲ့ကို ဆက်ထိန်းသွားမလား လီဗာပူးလ်နည်းပြ ကလော့ကပဲ သူ့ရဲ့ ကံမကောင်းတတ်တဲ့ အစဉ်အလာတွေကို ချေဖျက်ပြီး သမိုင်အသစ် ထပ်ရေးမလားဆိုတာကတော့ မေလ ၂၈ ရက်နေ့မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

NN

Leave a Reply