အမျိုးသမီးဝန်ထမ်းလစာ ပိုပေးခေါ်ထားသည့် လှိုင်သာယာက ဟွော့တုံး အနားယူအပန်းဖြေစခန်းကို စစ်ဆေးနေ

0
177

ရန်ကုန်၊ မေ ၁၁၊ ၂၀၁၈

လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် ဟွော့တုံးအပန်းဖြေ စခန်းကို စစ်ဆေးနေကြောင်း လှိုင်သာယာမဲဆန္ဒနယ်မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောသည်။

လဝက၊ ရဲ၊ စည်ပင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အဖွဲ့လေးဖွဲ့ က အဆိုပါအပန်းဖြေစခန်းကို စစ်ဆေးနေဖြစ်ပြီး ဥပဒေနှင့် မညီညွှတ်မှုများ တွေ့ရှိပါက အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အပန်းဖြေစခန်းဆိုပြီး ခေါင်းစဉ်နဲ့ခေါ်ထားတယ်။ မဖွင့်သေးဘူး၊ ဖွင့်ဖို့အတွက် ဝန်ထမ်းခေါ်နေတာ။ လိုင်းပေါ်ကို (facebook) တင်လိုက်တော့ အကုန်လုံးသိသွားပြီး ဝေဖန်ကြတာပေါ့။ အခုတော့ ထွေအုပ်ရယ်၊ လဝကရယ်၊ ရဲနဲ့ စည်ပင်တို့ အဲ့ဒီအပန်းဖြေစခန်းကို စစ်ဆေးနေပါပြီ” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဟွော့တုံးအနားယူအပန်းဖြေစခန်း တရုတ်စကားပြန် သုံးဦး၊ အလုပ်သမား အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသားဝန်ထမ်း ၂ ဦး၊ စားဖိုမှူး ၁ ဦး တို့ကို ခေါ်ယူထားခြင်းဖြစ်သည်။ အလုပ်သမား အမျိုးသမီး ၂၀ ဦး ၏ လစာကို လေးသိန်းမှ ဆယ်သိန်းကြားရရှိမည်ဟု ဖော်ပြထားပြီး အမျိုးသားအလုပ်သမားအတွက်မူ လစာ တစ်သိန်းနှစ်သောင်း ရရှိမည်ဟုလည်း ဖော်ပြထားသည်။

ယင်းသို့ဝန်ထမ်းခေါ်ယူမှုနှင့်ပတ်သက်ပြီး ဖေ့ဘုတ်သုံးစွဲသူတစ်ဦး က လှိုင်သာယာကအမျိုးသမီးတွေကို ကာကွယ်ပါ ဟူသောခေါင်းစဉ်ဖြင့် ဓာတ်ပုံများနှင့်တကွဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဝေဖန်မှုများကြောင့် ယမန်နေ့ကတည်းက အဆိုပါ အပန်ဖြေစခန်းကို ရဲ၊ စည်ပင်၊ လဝက နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခြင်းဖြစ်ပြီး အပန်းဖြေစခန်းဟူသော ခေါင်းစဉ်ဖြင့် လိုင်စင်ချထားပေးခြင်းမရှိကြောင်းလည်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ပြောပြချက်အရ သိရသည်။

သျှင်ရဲထွဋ်

Leave a Reply