ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်းသတင်း ကောက်နုတ်ချက်များ

0
117

ရန်ကုန်၊ မေ ၁၃ ၊ ၂၀၁၈

ပဉ္စမလှိုင်းမီဒီယာရဲ့စာဖတ်ပရိသတ်များအတွက် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စုစည်းဖတ်ရှုနိုင်ဖို့တင်ဆက်လိုက်ပါတယ်။

အရင်ဆုံးတင်ပြချင်တယ်သတင်းကတော့ မူဆယ်မြို့ ပန်းခမ်းတံတား လုံခြုံရေးရဲကင်းကို ပလောင်လွတ်မြောက်ရေးအဖွဲ့TNLA တိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြချင်ပါတယ်။မေလ ၁၂ရက်နေ့မှာ TNLA အဖွဲ့က အင်အား ၁၀၀ လောက်ဟာ မူဆယ်မြို့ ပန်းခမ်းတံတားက လုံခြုံရေးရဲကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအရာရှိတစ်ဦး၊ ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင် ၃ဦးနဲ့ အရပ်သား ၁၅ဦးသေဆုံးခဲ့ပါတယ်။တပ်မတော်က တအန်းပြည်နယ်အတွင်းက တအန်းတပ်မတော်ရဲ့တောတွင်း ယာယီတပ်စခန်းနဲ့တအန်းတပ်မတော်ကိုစဉ်ဆက်မပြတ် လိုက်လံတိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တအန်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့တပ်အင်အားအဆမတန်ဖြည့်တင်းမှုနဲ့ ကချင်ပြည်နယ်အတွင်း မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် ယခုကဲ့သို့ အသေးစား စစ်ဆင်ရေး ပြုလုပ်ရခြင်းဖြစ်တယ်လို့ TNLA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကြားက ပြသနာကို ထိပ်တိုက်မဖြေရှင်းဘဲ အပြစ်မဲ့ပြည်သူတွေနဲ့ လုံခြုံရေးရဲကင်းကို ထိခိုက်အောင်လုပ်တာဟာ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ယခုလိုတိုက်ခိုက်မှုအတွက် အရပ်သားပြည်သူတွေ အသက်သေဆုံးရသလို ရဲအရာရှိတွေလည်း အသက်သေဆုံးခဲ့ရပါပြီ။ စစ်ပွဲတွေရပ်ကြပါလို့ မြို့ကြီးတွေပေါ်မှာ အော်ဟစ်တောင်းဆိုနေကြပေမယ့် တစ်ဖက်သတ်အပစ်ရပ်ဖို့ကတော့ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင်ဆောင်ပြီး လက်နက်အားကိုးပြီး ပစ်ချင်သလိုပစ် သေချင်တဲ့သူသေ ၊ နောက်တစ်ခါ ငါတို့ကို လာတိုက်ရင် အခုထက်ပိုနာမယ်ဆိုတဲ့ ပုံစံမျိုးလုပ်ရပ်တွေဟာ မြန်မာပေါကားတွေထဲမှာသာ ကြည့်လို့ကောင်းပါတယ်။အခုလုပ်ရပ်အပေါ် တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ပစ်ချင်သလိုပစ် တိုက်ချင်သလိုတိုက်ပြီး နောက်ဆုံး ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ ခိုလှုံပြီး စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ အပြစ်မဲ့ အသက်သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေကို အားနာဖို့ ကောင်းလှပါတယ်။ ပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါရစေ။

အခုတစ်ခါတင်ပြမယ့်သတင်းကတော့ အမျိုးသမီးတစ်ဦးကို လစာ အနိမ့်ဆုံး ၄သိန်းကနေ ၁၀သိန်းအထိ ရမယ်ဆိုပြီး လစာမက်လုံးပေးခေါ်ယူနေတဲ့ လှိုင်သာယာမြို့နယ်က အပန်းဖြေစခန်းကို ရဲတွေဝင်စစ်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်က ဟွော့တုံး အပန်းဖြေစခန်းမှာ အလုပ်လုပ်ဖို့ ဝန်ထမ်းခေါ်စာတစ်ခုဟာ ယခုတစ်ပတ်အတွင်း အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဟွော့တုံးအနားယူအပန်းဖြေစခန်းမှာ တရုတ်စကားပြန် သုံးဦး၊ အလုပ်သမား အမျိုးသမီး ၂၀ ဦးနဲ့ အမျိုးသားဝန်ထမ်း ၂ ဦး၊ စားဖိုမှူး ၁ ဦး တို့ကို အလုပ်ခေါ်ယူထားခြင်းဖြစ်ပါတယ်။ အလုပ်သမား အမျိုးသမီး ၂၀ ဦးရဲ့လစာကို ကျပ်လေးသိန်းမှ ကျပ်ဆယ်သိန်းကြားရရှိမယ်လို့ဖော်ပြထားပြီး အမျိုးသားအလုပ်သမားအတွက်တော့ လစာ ကျပ်တစ်သိန်းနှစ်သောင်း ရရှိမယ်လို့ ဖော်ပြထားပါတယ်။အဆိုပါ အပန်ဖြေစခန်းကို ရဲ၊ စည်ပင်၊ လဝကနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အပန်းဖြေစခန်း ခေါင်းစဉ်နဲ့ လိုင်စင်ချထားပေးခြင်းမရှိကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ပြောပြပါတယ်။ ဒီအပန်းဖြေစခန်းကိစ္စကို ဘယ်လိုမျိုး ဆက်လက်အရေးယူမလဲဆိုတာကတော့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ရန်ကုန် မန္တလေးအပါအဝင် မြန်မာနိုင်ငံက လူစည်ကားရာ မြို့ကြီးတွေမှာ အပန်းဖြေစခန်း အနှိပ်ခန်း အအေးခန်းစသဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး လုပ်ကိုင်လာနေတာ အတော်လေး များနေပါပြီ။ သက်ဆိုင်ရာကလည်း တရားဝင်ခွင့်ပြုထားခြင်းမရှိဘူးလို့ ငြင်းဆိုမှုတွေလည်း ရှိထားပါတယ်။ သို့ပေမယ့်လည်း အဆိုပါ လုပ်ငန်းတွေကတော့ ပပျောက်ခြင်းမရှိတဲ့အပြင် ထပ်တိုးပြီး အသစ်အသစ်တွေ ဆက်လက်ဖွင့်လှစ်ဖို့ လုပ်ဆောင်လာနေတာဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲတရားဥပဒေတွေကို သွေးတိုးစမ်းနေသလို ဖြစ်နေပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဖွမှ သက်ဆိုင်ရာက သိပြီး စစ်ဆေးစုံစမ်း အရေးယူတာမျိုးဟာ တကယ်တော့ လုံးဝ မဖြစ်သင့်ပါဘူး။ ကိုယ့်ရပ်ကွက် မြို့နယ်မှာ ဘယ်နေရာဟာ ဘာအလုပ်လုပ်နေတယ်ဆိုတာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေ မသိဘဲ မနေပါဘူး။ ဘာကြောင့် မဖမ်းသလဲ အဖြေထုတ်ဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် အအေးခန်း အနှိပ်ခန်း အပန်းဖြေစခန်းတွေကို ဝင်ရောက်စစ်ဆေးရုံ ဖမ်းဆီးရုံနဲ့ မပြီးဘဲ လုပ်ကိုင်ဆောင်ရွက်နေတာကို သိသိကြီးနဲ့ ခွင့်ပြုပေးနေတဲ့ ပေါင်းစား ပင်းစားလုပ်ကိုင်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းက ဝန်ထမ်းတွေကိုပါ စစ်ဆေးအရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဒီတစ်ခါတော့ ထိုးစစ်တွေရပ်ဖို့ ဆန္ဒပြတောင်းဆိုနေသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးတဲ့သတင်းကို တင်ပြချင်ပါတယ်။၂၀၁၈ မေလဆန်းပိုင်းကနေ စတင်ပြီး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရပ်ဖို့ ဆန္ဒထုတ်ဖော်မှုတွေကို ရန်ကုန် မန္တလေး စတဲ့မြို့တွေမှာ ပြုလုပ်လာခဲ့ကြပါတယ်။ ထူးခြားမှုကတော့ ထိုးစစ်တွေရပ်ဖို့ ဆန္ဒပြတောင်းဆိုနေသူတွေ မီးထွန်းပြီး ဆုတောင်းနေသူတွေဟာ ယခင်အစိုးရလက်ထက် လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပြီး အဖမ်းခံရလို့ ပြန်လွတ်လာသူတွေ ဖြစ်နေပါတယ်။ ပိုပြီးစဉ်းစားစရာအခြေအနေကတော့ အလုပ်သမားလုပ်ခလစာကိစ္စအတွက် ဆန္ဒပြတာပဲဖြစ်ဖြစ် လယ်သမားအရေး ငြိမ်းချမ်း စသဖြင့် ခေါင်းစဉ်တွေသာ ကွဲပြားလာပေမယ့် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်ပိုင်းဟာ ယခင်က ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ဖူးသူတွေ ဖြစ်နေကြတာပါပဲ။ ဆန္ဒပြပွဲတွေကို ပြန်ပြီးလေ့လာကြည့်တဲ့အခါမှာ စစ်ပွဲကင်းစင်တဲ့ နေရာတွေမှာသာ ပြုလုပ်ပြီး အစိုးရနဲ့ တပ်မတော်ကိုသာ စစ်မတိုက်ဖို့ စစ်ပွဲရပ်ဖို့ ဖိအားပေးတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အဆိုပါလူတွေကို လက်ရှိမှာတော့ ငြိမ်းစုစီနဲ့ အမှုဖွင့်ဆောင်ရွက်တာတွေ ရှိလာပါပြီ။ ဒီမိုကရေစီစနစ်မှာ အစိုးရကို ဆန္ဒဖော်ထုတ်ပြီး ဖြစ်သင့်တဲ့ အကြောင်းအရာတွေကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြပွဲကို အကြောင်းပြပြီး လုပ်စားနေသလို ဖြစ်နေတာတွေကတော့ ဒီမိုကရေစီစနစ်ကို အရောင်ဆိုးလိုက်သလိုပါပဲ။ ဒါကြောင့် အမှန်တကယ် ထိခိုက်သူတွေ အမှန်တကယ် လိုအပ်ချက်ရှိသူတွေ ဆန္ဒဖော်ထုတ်ကြပါ။ ဆန္ဒပြပွဲကို ဗန်းပြပြီး လုပ်စားနေသူများ အမြန်ဆုံး ကျဆုံးသွားပါစေလို့ မျှော်လင့်မိပါတယ်။

အခုတစ်ခါတော့ ရိုက်တာသတင်းထောက်တွေရဲ့အမှုမှာ ပါဝင်နေတဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်သတင်းကို တင်ပြချင်ပါတယ်။ဒုရဲမှူးဟောင်းမိုးရန်နိုင်က ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ကိစ္စဟာ ထောင်ဖမ်းခံခဲ့ရတာပါလို့ ယခင်အပတ်ကရုံးထုတ်မှာ ထွက်ဆိုခဲ့ပြီး အဲ့လို ထွက်ဆိုမှုအတွက် နောင်တရနေမှာ မဟုတ်ဘူးလို့ ယခုတစ်ပတ်ရုံးထုတ်မှာ ပြောလိုက်ပါတယ်။ ရိုက်တာသတင်းထောက်တွေရဲ့အမှုဟာ ရုံးချိန်း ၁၇ကြိမ်အထိရှိခဲ့ပါပြီ။ ဒါပေမယ့်လည်း ပြီးပြတ်မှုတော့မရှိသေးပါဘူး။ရိုက်တာသတင်းထောက်နှစ်ဦးကို စားသောက်ဆိုင်ထဲမှာ ဝင်ရောက် ဖမ်းဆီးပြီးနိုင်ငံတော်လျို့ဝှက်အက်ဥပဒေနဲ့အမှုဖွင့်ဖို့ ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့ ဒုတိယရဲမှူး ဟောင်းမိုးရန်နိုင်ကထွက်ဆိုပါတယ်။ဒုရဲမှူးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင်ဖမ်းခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက်မှာ ရဲစည်းကမ်းကျင့် ဝတ်ထိန်းသိမ်းရေးဥပဒေနဲ့ ရဲတရားရုံးက ထောင်ဒဏ်တစ်နှစ်ကျခံထားရသူဖြစ်ပါတယ်။ဒါ့အပြင် အခုအမှုအတွက် သူ့ကိုထောင်ချလိုက်တာဟာ နောက်ထပ်ပေါ်ပေါက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမှန်တရားကို ခြိမ်းခြောက်လိုက်တာပဲလို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွက် ရိုက်တာသတင်းထောက် ၂ဦးနဲ့ ရဲ၂ဦးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်သတင်းဟာ တည်ဆဲအစိုးရနဲ့ တပ်မတော်အပေါ် ကြီးမားသော ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ဖြစ်စဉ်အတွက် တပ်မတော်က အပြစ်ကျူးလွန်တဲ့အရာရှိတွေကို ရာထူးဖြုတ်ချတာတွေ အရပ်ထောင်ကိုပို့ပြီး အရေးယူတာတွေလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ယခုတရားရင်ဆိုင်နေကြရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ရဲ၂ဦးတို့ဟာလည်း ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့မရှိနိုင်ပါဘူး။ အဆုံးသတ်မှာ သက်သာပါစေလို့သာ မျှော်လင့်မိပါတယ်။

အခုတစ်ခါတော့ မြန်မာနိုင်ငံရဲ့ နေ့စဉ်ကွမ်းယာစားသုံးမှုနှုန်းအကြောင်းကို တင်ပြပါမယ်။ မြန်မာနိုင်ငံမှာ နေ့စဉ်ကွမ်းယာစားသုံးမှုနှုန်းဟာ ကျပ် ၁၂ဘီလီယံအထိ ရှိနေတယ်လို့ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းမှာပြုလုပ်တဲ့ ကွမ်းယာစားသုံးမှုထိန်းချုပ်ရေး လူထုလှုပ်ရှားမှုစစ်တမ်းမှာဖော်ပြထားပါတယ်။တစ်နေ့ကွမ်းယာဖိုးကုန်ကျငွေ ကျပ် ၁၂ဘီလီယံဆိုတဲ့ ပမာဏဟာ တကယ်တော့ နည်းတဲ့ငွေပမာဏမဟုတ်ပါဘူး။ ဒါဟာ နေ့စဉ်စားသုံးနေမှုအတွက် ကုန်ကျငွေဖြစ်ပြီး ကွမ်းယာစားသုံးမှုတဆင့် ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသဖို့ ကုန်ကျငွေတွေမပါဝင်ပါဘူး။ NLD အစိုးရလက်ထက်မှာ သမ္မတရုံးကနေ ကွမ်းယာစားသုံးမှုလျော့ချရေးအတွက် လုပ်ဆောင်ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့လည်း ကွမ်းယာရောင်းချသူ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင် ဝင်ငွေပြသနာတွေကို သက်ညှာပြီး ကွမ်းယာဆိုင်တွေရှင်းလင်းရေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။ ကွမ်းယာစားသုံးမှုဟာ တစ်ရက်ကို ၁၂ဘီလီယံကနေ တဖြည်းဖြည်းလျော့ချနိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ကွမ်းယာစားသုံးမှု လျော့ချဖို့အတွက် နိုင်ငံတော်က အသိပေးပညာပေးရုံနဲ့ မလုံလောက်သလို ကွမ်းယာသည်တွေကို ရှင်းလင်းရုံနဲ့လည်း ပပျောက်မှာမဟုတ်ပါဘူး။ ကွမ်းယာစားသုံးသူ တစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ကိုယ်စားသုံးနေတဲ့ ကွမ်းယာဖိုးကုန်ကျငွေဟာ ကိုယ့်မိသားစုအတွက် ကိုယ့်နောင်ရေးအတွက် ရေရှည်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းနိုင်မယ်ဆိုတာကို တွက်ချက်ဆင်ခြင်နိုင်မှုတွေ သတိတွေ ဝင်လာမှသာ သိသိသာသာ လျော့ကျလာမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ အပိုလုပ်ပြီး ကွမ်းစားသုံးနေမှုကြောင့် နေ့စဉ်ငွေကျပ် ၁၂ဘီလီယံ ပုံမှန်ဆုံးရှုံးနေတာကို ကာကွယ်နိုင်မယ်ဆိုရင်တော့ နိုင်ငံအတွက်ရော ကွမ်းယာစားသုံးသူတွေအတွက်ပါ လိုအပ်နေတဲ့ကိစ္စရပ်တွေအပေါ် ပြောင်းလဲအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ ခယ်မကို မုဒိမ်းကျင့်လို့ ထောင်၈နှစ်ကျခံထားသူတစ်ဦးဟာ နောက်၃နှစ်အကြာမှာ နောက်ထပ်ခယ်မတစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့သတင်းကို တင်ပြလိုက်ပါရစေ။ကသာခရိုင် အင်းဒရန့် ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အောင်ဖြိုး ဆိုသူဟာ၂၀၀၇ ခုနှစ်အတွင်းက သူ့ရဲ့ခယ်မဖြစ်သူ (ခယ်မ အလတ်)ကိုအဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၈နှစ်ကျခံခဲ့ရပါတယ်။ သူဟာထောင်ကပြန်လည်လွတ်မြောက်လာပြီး၃ နှစ်ခန့်အကြာမှာနောက်ထပ်ခယ်မတစ်ယောက် (ခယ်မအငယ်) ကို အဓမ္မပြုကျင့်ဖို့ ထပ်မံကြိုးစားခဲ့တာဖြစ်ပါတယ်။မေလ ၁၀ ရက်နေ့က နောက်ထပ် ခယ်မတစ်ယောက်(ခယ်မ အငယ်)ဖြစ်သူကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေတုန်းမှာ အမအကြီးဆုံးဖြစ်သူ(အောင်ဖြိုးရဲ့ဇနီးဖြစ်သူ) က လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာဖြစ်ပါတယ်။အခုလိုဖြစ်စဉ်ရှိခဲ့ပေမယ့်လည်း ကာယကံရှင်မိသားစုတွေက ရဲကို ငိုယိုတောင်းပန်ပြီး အမှုမဖွင့်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မုဒိမ်းမှုဟာလည်း ကြံစည်နေတုန်းမှာ လူမိသွားတဲ့အတွက်အထမမြောက်ခဲ့ဘူးလို့ သိရပါတယ်။ခဲအိုနဲ့ ခယ်မဇာတ်လမ်းတွေနဲ့ ကာမကိစ္စတွေဟာ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာသာ ကြည့်လို့ကောင်းပါတယ်။ ပြင်ပဘဝမှာတော့ တွေးကြည့်ရုံနဲ့ပင် အင်မတန် စက်ဆုတ်ဖွယ် ရင်နာဖွယ်ကောင်းလှပါတယ်။ လူမှုပတ်ဝန်းကျင်နဲ့ လူသားတို့ဘဝမှာ စည်းဘောင်ဆိုတာ ရှိပါတယ်။ မည်သူမဆို သတ်မှတ်ထားတဲ့လူမှုရေးစည်းကို ကျော်လွန်မိမယ်ဆိုရင် လူမှုပတ်ဝန်းကျင်ကရော ဥပဒေအရပါ အရေးယူခြင်းကိုခံရနိုင်ပါတယ်။ ယခုဖြစ်စဉ်ကတော့ ကာယကံရှင်တွေရဲ့ဆန္ဒကြောင့် အမှုမဖွင့်ဘဲ ခံဝန်လက်မှတ်ထိုးပြီးသာ ပြီးဆုံးခဲ့ပါတယ်။ဒါပေမယ့်လည်း ခယ်မဖြစ်သူတွေအနေနဲ့ အဆိုပါ ခဲအိုရဲ့ ရန်က ကင်းဝေးအောင် အဝေးနေရာတစ်ခုကို ပြောင်းရွှေ့နေထိုင်ဖို့လိုအပ်လှပါတယ်။ မီးဆိုတာ မလောင်ခင်တားတာ အကောင်းဆုံးဖြစ်တဲ့အတွက် အကျင့်စာရိတ္တမကောင်းသူ ကိုယ့်ဘဝကို အချိန်မရွေး ဒုက္ခပေးနိုင်ဖွယ်ရှိနေသူနဲ့ ဝေးရာကို ရှောင်ရှားနေထိုင်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

အထက်ပါ သတင်းကောက်နုတ်ချက်များကို The Fifth Wave News ၊ Popular News၊ Akonthi Media တို့မှ သတင်းများကို ပြန်လည်ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply