မူဆယ်မြို့တိုက်ပွဲများနှင့်ပတ်သက်ပြီး ငြိမ်ချမ်းစွာဖြေရှင်းရန် အမေရိကန် သံရုံးတိုက်တွန်း

0
154

ရန်ကုန်၊ မေ ၁၄၊ ၂၀၁၈

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် အတွက် တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

မူဆယ်မြို့နယ်အတွင်း TNLA တပ်၊ အစိုးရလုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့စစ် တို့အကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သေကျေ ဒဏ်ရာရမှုများ ရှိခဲ့သည့်အတွက် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန် မိကြောင်း၊ ယင်းပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာ ရရှိခဲ့သူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါကြောင်း ပြောကြားလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အရပ်သားများကို အကာအကွယ်ပေးရာတွင် နောက်ထပ်သေကျေ ဒဏ်ရာရမှုများ မဖြစ်ပေါ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပါရန်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူအားလုံးထံသို့ လူသားချင်းစာနာမှု အကူအညီများရောက်ရှိနိုင်ရေးအတွက် ခွင့်ပြုပေးပါရန်အတွက် အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆယ်စုနှစ်များစွာ ဒုက္ခပေးနေခဲ့သော ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြပါရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို မိမိတို့တိုက်တွန်းပါကြောင်းနှင့် ဤသို့သော ကြိုးပမ်းဆောင်ရွက်မှုမျိုးအတွက် အားပေးကူညီရန် မိမိတို့ အဆင် သင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ဂိတ်စခန်းများနှင့် မြို့တွင်းရှိ နေအိမ်များသို့ မေ လ ၁၂ ရက် နံနက်အစောပိုင်းတွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

TNLA ရဲ့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုကြောင့် ၂၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ၂၀ ဦး ရှိကြောင်း အစိုးရထုတ်ပြန်ချက် များအရ သိရသည်။ အဆိုပါဝင်ရောက်တိုက်ခိုက်မှုကို တပ်မတော်က လိုက်လံရှင်းလင်းလျက်ရှိပြီး မူဆယ်မြို့အနီးတွင် တိုက်ပွဲများဖြစ်ပွား နေကြောင်း နယ်မြေသတင်းများအရ သိရသည်။

သျှင်ရဲထွဋ်

Leave a Reply