ဆူရာဘယာရှိ ရဲဌာနချုပ်ကို တိုက်ခိုက်သူများ ၎င်းတို့ကိုသစ္စာခံများဖြစ်ဟု အိုင်အက်စ်အဖွဲ့ထုတ်ပြန်

0
128

ဆူရာဘာယာ မေ ၁၅

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားခရိုင် ဆူရာဘာယာမြို့ရှိ ရဲတပ်ဖွဲ့ ဌာနချုပ်အား အသေခံဗုံးခွဲတိုက်ခိုက်သူများသည် ၎င်းတို့ကို သစ္စာခံ ထားသည့် အာဇာနည်များဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဝန်ခံလိုက်ပြီဖြစ်သည်ဟု အကြမ်းဖက်အဖွဲ့များ၏အွန်လိုင်းလှုပ်ရှားမှုကို စောင့်ကြည့်နေသည့် SITE က ဖော်ပြခဲ့သည်။

ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးပါဝင်သော မိသားစုတစ်စုက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက် တစ်ရက်အကြာတွင် ရဲဌာနချုပ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အာဇာနည်များလိုက်ပါလာပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများတင်ဆောင်ထားသည့် မော်တော် ဆိုင်ကယ်သည် ဆူရာဘာယာရှိ ရဲဌာနချုပ်၏အဝင်ပေါက်ကို တိုက်ခိုက် ခဲ့ကြောင်း အိုင်အက်စ်၏ဝါဒဖြန့်ချိရေးသတင်းဌာန အာမက်က ဖော်ပြခဲ့သည်။

အသေခံဗုံးခွဲသူများ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှစ်စင်းသည် ရဲတပ်ဖွဲ့စခန်းအပြင်ဘက်ရှိ စစ်ကြောရေးစခန်းနားတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ဆူရာဘာယာရှိ ရဲမှူး တီတိုကာနာဗီယန်ကပြော ဆိုခဲ့သည်။ ပေါက်ကွဲမှုတွင် အသေခံဗုံးခွဲသည့် မိသားစုမှ ကလေးငယ်သည် အသက်မသေဘဲကျန်ရှိခဲ့ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် အရပ်သားခြောက်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အရှေ့ဂျာဗားရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဖရန်စ်ဘာရွန်မန်ဂဲရာ ကပြောဆို ခဲ့သည်။ သမ္မတဂျိုကိုဝီဒိုဒိုက အကြမ်းဖက်တိုက်ခိုက်မှုများသည် လူကြောက်များ၏လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်ကွန်ရက်များကို နှိမ်နင်းရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်းကို အတည်ပြုနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မေ ၁၃ ရက်တွင် ဘုရားကျောင်းများအား တိုက်ခိုက်မှုကို အိုင်အက်စ် ကိုသစ္စာခံထားသည့် ဂျမားအက်အန်ရှာရတ်ဒေါက်လာ( ဂျေအေဒီ) က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေသည်။ ဂျေအေဒီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖွဲ့စာရင်း သွင်းထားသည်။ တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် မိသားစု၏ အိမ်ထောင်ဦးစီးသည် ဂျေအေဒီအဖွဲ့ခွဲ၏အကြီးအကဲဖြစ်သည်။

ယင်းမိသားစုသည် ဆီးရီးယားမှ ပြန်လာသည့် အိုင်အက်စ်သစ္စာခံ ၅၀၀ များတွင် ပါဝင်ကြောင်း ရဲမှူးကပြောဆိုခဲ့သည်။ ဆူရာဘာယာတောင်ပိုင်း ဆီဒိုယာဂျိုရှိ တိုက်ခန်းတစ်ခုထဲတွင် ဗုံးလုပ်နေရင်း မတော်တဆပေါက်ကွဲ မှုကြောင့် မိသားစုတစ်စုမှ လူသုံးဦးသေဆုံးခဲ့သည်။ ဘုရားကျောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မေ ၁၃ ရက်မှစပြီး စစ်သွေးကြွ ၁၃ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ရဲမှူး ကာနာဗီယန်ကပြောဆိုခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply