NLD ပါတီဗဟိုရုံးချုပ်ရှေ့ ဆန္ဒထုတ်ဖော်သူ သုံးဦးကို ငြိမ်းစုစီ ပုဒ်မ- ၂၀ဖြင့် အမှုဖွင့်

0
216

မေ ၁၉
ကျော်သူမြင့်

NLD ပါတီဗဟိုရုံးချုပ်အရှေ့တွင် ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ငြိမ်း စု စီ ဥပဒေ ပုဒ်မ – ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လယ်ယာမြေသိမ်းစည်းခံရမှုများနှင့် ပတ်သက်၍ လက်ရှိအာဏာရပါတီအစိုးရမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသောကြောင့်
ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒပြဦးဆောင်သူ ဒေါ်အေးအေးကြိုင်နှင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းစုစီပုဒ်မ – ၂၀နဲ့ပဲ အမှုဖွင့်ပါမယ် Ocean စင်တာလိုပါပဲ ။ သူတို့ကိုဗဟန်းရဲစခန်းကိုခေါ်သွားတယ် လောလောဆယ်တော့ မေးမြန်းနေစဲပဲပေါ့ဗျာ ” ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းကပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုမိန့်တင်ကာပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများကပြောဆိုကြပြီး ခွင့်ပြုမိန့်လျောက်ထားမှုအား ခွင့်မပြုကြောင်း အကြောင်းပြန်ကြားခဲ့ပြီးဖြစ်သည်ဟု
မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။

“သူတို့ကလျောက်ထားတယ် အကြောင်းကြားတယ် သူတို့ကိုမလုပ်ပါနဲ့ ဒီအချက်ဒီအချက်တွေကြောင့် မလုပ်ပါနဲ့လို့ပြထားပြီးသား ။ အဲ့ဒီလျောက်ထားတဲ့ ဒေါ်အေးအေးကြိုင်ကိုယ်တိုင်လည်း
သိပြီးသား သူ့ကို Viber နဲ့လဲပို့တယ် စာနဲ့လဲပို့တယ် သူကအဲ့စာကိုလက်ခံရရှိကြောင်း လက်မှတ်ထိုးပြီးကျွန်တော်ဆီပြန်ပို့တယ် ” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့မှ ဆန္ဒထုတ်ဖော်မှုအား ဖြိုခွင်းရာ၌ အမျိုးသမီးငယ်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ရာတွင် မူးမေ့လဲကျသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

ဆန္ဒထုတ်ဖော်မှုအား ကရင်တိုင်းရင်းသားဦးရေ ၄၀ခန့်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မွန်ပြည်နယ်အတွင်း မြေယာသိမ်းစည်းခံရမှုများကြောင့် ဒေသခံပြည်သူများ၏နစ်နာမှုများအား ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်းသိရသည် ။

” ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာက တကယ်တော့ အစိုးရအလုပ်မလုပ်လို့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံအလုပ်မလုပ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေအလုပ်မလုပ်လို့ ကျွန်တော်တို့ပြည်သူတွေ ပြဿနာ တွေမွန်ပြည်နယ်တစ်ပြည်နယ်လုံးတက်တာ ကရင်တိုင်းရင်းသားတွေနေတဲ့နေရာပဲတက်တာမဟုတ်ဘူး ” ဟု ဆန္ဒထုတ်ဖော်သူ ဦးတင်မောင်ရွှေကပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် မတရားမြေသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရေး ၊ မြေစစ်ကော်မတီ ဖွဲ့စည်းမှုပြင်ဆင်ပေးရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းပြကာ စစ်အုပ်စုအညံ့ခံမူဝါဒ ပြင်ဆင်ပေးရေး စသည့်အချက်များကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Leave a Reply