ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီများကို အရေးယူပေးရန် ဒေါ်အောင်ဆန်းစုကြည် ထံလာရောက်တိုင်ကြား

0
217

နေပြည်တော်။ ဒီဇင်ဘာ ၁၃၊ ၂၀၁၇၊

စစ်ကိုင်းတိုင်းဒေသကြီး ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှ ကျေးရွာများရှိ ဒေသခံတောင်သူများ မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက မြနန်းဘုံသာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့်ခြံဝင်းအရှေ့သို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။

“အဓိကက နစ်နာတဲ့ဒေသခံတွေက အခုချိန်ထိ အစားထိုးမြေလည်း မရသေးဘူး။ လုံးဝမြေယာလျှော်ကြေး မယူတဲ့သူတွေက နစ်နာကြေးတောင်းတာလည်း အခုချိန်ထိ မပြေလည်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း စုံ/ကော်အစီရင်ခံစာ အတိုင်းလက်ခံမယ်ဆိုပြီး အခုချိန်ထိ ဘာမှ မလုပ်ဘူး။ ပိုဆိုးလာတာကို သိအောင်လာပြောရခြင်း ဖြစ်ပါတယ်။ ပါးစပ်နဲ့လည်း ပြောချင်တယ်။ စာနဲ့လည်း ပေးမယ်ပေါ့နော်။ နိုင်ငံက သိအောင်ကြေငြာထားပြီးမှ ဦးပိုင် နဲ့ ၀မ်ပေါင် က အခုထိမလိုက်နာဘူး။ ဒါကို ဘယ်လို အရေးယူဆောင်ရွက်ပေးမလဲ ဆိုတာလည်း သိချင်တယ်။ ကျွန်မတို့ အခုလက်ရှိထိ ဒေသခံတွေက ခြိမ်းခြောက်မှု အမျိုးစုံခံနေရတယ်။ အခုဆိုပြောင်းရွှေ့ခိုင်းပြန်ပြီ။ ဖိအား အမျိုးမျိုးခံနေရတာကို သိအောင် လာပြောခြင်းဖြစ်ပါတယ် “ ဟု လက်ပံတောင်းတောင်အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကွန်ယက် မှ ဒေါ်နော်အုန်းလှ ကပြောသည်။

လာရောက်ခြင်း၏ အကြောင်းအရင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့်အပေါ် ဒေသခံတောင်သူများမှ နစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ပေးပါရန် နှင့် စုံ/ကော် အစီရင်ခံစာကို မလိုက်နာသည့် ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီကို အရေးယူပေးပါရန် တိုင်ကြားစာ လာရောက်တင်ပြခြင်းဖြစ်သည်။

“ အခု အကုန်လုံးပါသွားတဲ့အတွက် အန်တီ မှာ ဘာမှ လုပ်စားခွင့်မရှိတော့ ဒီအရွယ်ကြီးကျမှ ဘာမှ မလုပ်စားတတ်ဘူး။ တစ်သက်လုံးက ဒီလယ်ယာကိုပဲ လုပ်ကိုင်စားရတယ်။ နောက်ထပ် ဘာမှ မလုပ်စားတတ်တော့ အခုဟာက အရဲစွန့်ပြီးတော့ အန်တီတို့ ဒီကိုလာရတာပါ။ တွေ့ခွင့်ရရင်တော့ ပြည်သူတွေရဲ့ ဒုက္ခတွေကို အမေစု သိအောင်လို့ ပြောချင် တာပါ။ ဘာမှ လုပ်မစားတတ်လို့ ဒုက္ခရောက်လို့ ဒီကိုလာရတာပါ” ဟု လာရောက်တိုင်ကြားမှုတွင် ပါဝင်ခဲ့သူ တောင်သူ တစ်ဦးက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့်အပေါ် ဒေသခံတောင်သူများမှ နစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ပေးပါရန်နှင့် စုံ/ကော် အစီရင်ခံစာကို မလိုက်နာသည့် ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီအား အရေးယူပေးပါရန် တိုင်ကြားစာများကို နေပြည်တော်ရှိ သက်ဆိုင်ရာ ရုံးများသို့ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တိုင်ကြားစာကို နိုင်ငံတော်၏ သမ္မတ၊ ဒုတိယ သမ္မတ (၂ ဦး) ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဥက္ကဌ နှင့် သက်ဆိုင်ရာ ဌာနများမှ ပြည်ထောင်စု ၀န်ကြီးများ ၊ ၀န်ကြီးချုပ်များကိုလည်း တိုင်ကြားစာများပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply