ပိုင်ရှင်ရှိ သစ်မှောင်ခိုအား ပိုင်ရှင်မဲ့လုပ်သည့်အတွက် မြို့နယ်မှူးနှင့် စခန်းမှူးအပါအဝင် ရဲအချို့အား ရဲတရားရုံးတွင် စတင်စစ်ဆေး

0
164

မေ ၂၁
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်ရှိသစ်မှောင်ခိုအား ပိုင်ရှင်မဲ့လုပ်သည့်အတွက် မြို့နယ်မှူး နှင့် စခန်းမှူး အပါအဝင် ရဲအချို့အား မေလ ၂၁ ရက်နေ့က မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

ဧပြီလ ၂၅ ရက် က ကျောက်ဆည်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားထွန်းထွန်းလင်း၊ ရဲတပ်သားဇေယျာမောင်တို့ ၂ ဦး ဖမ်းဆီးရမိခဲ့သည့် ပိတောက်တုံးများ တရားမဝင် သစ်ကားတစ်စီးဖမ်းဆီးရမိမှု ကို ကျောက်ဆည်မြို့မရဲစခန်း စခန်းမှူး က ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု အဖြစ်ပြောင်းလဲခဲ့သည့်အတွက် ဦးကိုကိုလွင်(၈၈ငြိမ်းပွင့်/ကျောက်ဆည်)၊ ဦးစိုးသီဟ(၈၈ငြိမ်းပွင့်/ကျောက်ဆည်) နှင့် ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲအုပ်ကိုကိုလင်း ၊ ရဲတပ်သားကျော်စိုးဝင်း ၊ ရဲတပ်သားထွန်းထွန်းဝင်း ၊ ရဲတပ်သားဇေယျာမောင် ၊ ရဲတပ်သားရဲဝင်းစိုး ၊ ရဲတပ်သားချစ်ကို တို့က ပြည်ထဲရေးဝန်ကြီးဌာနထံ မေလ ၂ ရက်နေ့ က တိုင်ကြားခဲ့သည်။

ထိုသို့ တိုင်ကြားခဲ့သည့်အတွက် ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ကျောက်ဆည်မြို့မရဲစခန်းမှူး အသစ် နှင့် အဟောင်း ၊ တာဝန်မှူး ၊ နယ်ထိန်းခေါင်းဆောင် နှင့် နယ်ထိန်း တို့ကို စုံခုံစစ်ခြင်း ၊ သပ်/ချုပ် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

” ကျွန်တော်ကတော့ ဖြစ်စဉ်အမှန်တိုင်းပဲ ထွက်ဆိုခဲ့တယ် ။ ဒါပေမယ့် ကျွန်တော်တို့အရပ်သားတွေ မသိတဲ့ အရာရှိတွေရဲ့ ရှေ့နေဆိုတာကို မသိဘူး ။ ကျွန်တော်က စစ်တဲ့ထဲက တရားသူကြီးပဲမှတ်နေတာ ။ ပြီးတော့မှ သူက မေးခွန်းထုတ်တော့မှ သိတယ် ။ စိတ်အနှောက်အယှက်တော့ဖြစ်တယ် ” ဟု တိုင်ကြားခဲ့သည့် ဦးကိုကိုလွင်(၈၈ငြိမ်းပွင့်/ကျောက်ဆည်) က ပြောသည် ။

ယင်းအမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်ခြင်းမရှိပါက ဆန္ဒပြတောင်းဆိုခြင်း နှင့် အထက်အဆင့်ဆင့်တိုင်ကြားခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့ ရန်ကုန် – မန္တလေး ကားလမ်း ဒေါ်သိုက်ကြီးအကွေ့အနီးတွင် မသင်္ကာဖွယ်ရာကားတစ်စီးကိုတွေ့ရှိခဲ့သည့်အတွက် နောက်မှ လိုက်လံဖမ်းဆီးရာ ဖျောက်ဆိပ်ပင်ကျေးရွာအနီး မှာ ယင်းကားကိုတားဆီးနိုင်ခဲ့သည်။

ယင်းကားပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ပိတောက်တုံးတွေကို တွေ့ရှိရတဲ့အတွက် တာဝန်မှူးဒုရဲအုပ်ကိုကိုလင်း ထံအကြောင်းကြား၍ စခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ခေါ်ဆောင်ရာတွင် ရဲတပ်သား ကျော်စိုးလင်းနှင့် ရဲတပ်သား ရဲလင်းစိုး တို့ အင်အားဖြည့်၍ ဆောင်ရွက်ရာ ရဲစခန်းသို့ခေါ်ဆောင်ရာ လမ်းတွင် အဖြူရောင်အိမ်စီးကားတစ်စီး မှ ရဲတပ်သားများအား လိုက်လံနှောက်ယှက်မှုများပြုလုပ်ခဲ့သည် ။

ယင်းကားပေါ်တွင် အရပ်ဝတ်ဖြင့် ကျောက်ဆည်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်၊ အရပ်သား မုံလာ(ခ)အောင်စိုးမိုး တို့ ပါရှိခဲ့ကြောင်း တိုင်စာတွင် ဖော်ပြထားသည် ။

ထို့နောက် ကျောက်ဆည်မြို့မရဲစခန်းမှူး (အဟောင်း) က သစ်တင်ကားဖမ်းဆီးလာတဲ့ ရဲတပ်သားထွန်းထွန်းဝင်း နှင့် ရဲတပ်သားဇေယျာမောင်တို့ ၂ ဦးကို ရုံးခန်းအတွင်းခေါ်ယူ၍ “မင်းတို့ကိုဘယ်သူကဖမ်းခိုင်းလို့လဲ။ အခုမြို့နယ်မှူးက ငါ့ကိုလွှတ်ပေးဖို့ကြိမ်းနေပြီ ” ဟု ပြောဆိုခဲ့က စခန်းမှူးအသစ်ရှေ့တွင် ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆူပူကြိမ်းမောင်းနေစဉ် ဖမ်းဆီးရမိခဲ့သည့် သစ်မောင်ခိုကားမောင်းသူ နှစ်ဦးအား နယ်ထိန်းဒုတပ်ကြပ် ချစ်စန်းကိုက စခန်းရှေ့တွင်ရပ်ထားသည့် မုံလာ(ခ) အောင်စိုးမိုး ၏ကားပေါ်တင်၍ လွှတ်ပေးခဲ့ကြောင်း တိုင်စာအရသည်။

ထို့နောက် တာဝန်မှူး ဒုရဲအုပ်ကိုကိုလင်း က သစ်တင်ကားဖမ်းဆီးရမိမှုနဲ့ပတ်သတ်၍ အမှုဖွင့်ရန်ဆောင်ရွက်ရာ တရားခံမရှိတော့သည့်အတွက် လွှတ်ပေးလိုက်သူတွေနှင့် ပြသနာဖြစ်ကာ စခန်းမှူးမှ ဒုရဲအုပ်ကိုကိုလင်းကို အမှုမကိုင်ခိုင်းတော့ပဲ နယ်ထိန်းခေါင်းဆောင်ရဲအုပ်သန်းထိုက်ကို လွှဲပြောင်းအမှုကိုင်ခိုင်းပြီး “ပိုင်ရှင်မဲ့ဖမ်းဆီးမှု ” အဖြစ်စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply