Grab Application ပုံစံ​ဟောင်း ပြန်​လည်​​ပြောင်း​လဲ​ပေးသည်​ထိ ဖဲကြိုးဖြူ လှုပ်​ရှားမှု ပြုလုပ်​မည်

0
162

မေ ၂၂
ဝေ​ဝေဖြိုး

ခရီးသည်​နှင့်​ ယာဉ်​​မောင်းကြား အဆင်​​ပြေ​စေသည့်​ Grab Application မူလသဘောတူထားသည့် ပုံစံအဟောင်းကိုသာ ပြန်လည်ပြောင်းလဲပေးရန် Taxi ယာဉ်မောင်းများက​တောင်းဆိုခဲ့ပြီး ​ပြောင်းလဲ​​ပေးသည်​ထိ ဖဲကြိုးဖြူ လှုပ်​ရှားမှုကို ပြုလုပ်​သွားမည်ဖြစ်​​ကြောင်း ယ​နေ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး (MJN) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်​။

အခြားသော အငှားတက္ကစီဝန်ဆောင်မှု ကုမ္ပဏီများနှင့် ကုမ္ပဏီ Partner ဝင်အဖြစ် လုပ်ကိုင်နေသူ အများအပြား ရှိနေသော်လည်း Grab Myanmar ကုမ္ပဏီက မည်သည့်အကြောင်းကြောင့် ယာဉ်မောင်းများ အဆင်မပြေဖြစ်ရခြင်းကို အဖြေရှာရန် ယခုကဲ့သို့ မီဒီယာများသို့ အသိပေးရှင်းလင်းရခြင်းနှင့် ကမ်ပိန်းများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကန့်ကွက်လှုပ်ရှားသူများက ပြောသည်။

“ခရီးသည်​နဲ့ယာဉ်​​မောင်းကြားမှာ အဆင်​​ပြေ​သော ယခင်​စနစ်​ကို ပြန်​လိုချင်​တာပါ။ ဒီ Application ကိုဆက်​သုံးလို့မရ​အောင်​လုပ်​လိုက်​တာ ။မဖြစ်​မ​နေupdate လုပ်​ရမယ်​။မလုပ်​ရင်​ ဆက်​​ဆွဲလို့မရဘူး။အဲ့လိုလုပ်​လိုက်​တဲ့အခါကျမှ အဆင်​မ​ပြေမှု​တွေ​ရောက်​လာတာ။သွား​ပြော​တော့ စင်္ကာပူကိုတင်​ပြမယ်​ဆိုပြီး အခုထိဘာမှမထူး​သေးဘူး ” ဟု Yangon Taxi Drivers Group (YTDG)မှ Taxi ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

လက်ရှိ ယာဉ်မောင်းများ၏ အခက်အခဲများမှာ ယာဉ်မောင်းများ သုံးစွဲခွင့်ရသည့် App တွင် ခရီးစဉ်လမ်းကြောင်း လက်မခံမီ မည်​သည့်​​နေရာမှ မည်​သည့်​​နေရာသို့ သွားမည်ဟူ​သော ခရီးစဉ်များ မမြင်ရခြင်း၊ ဈေးနှုန်း ကြိုမမြင်ရခြင်း၊ ခရီးစဉ်မကြိုက်ပါက Cancel လုပ်ခွင့် မရှိခြင်း၊ ယာဉ်တစ်စီးတွင် ခရီးသည် ၄ ဦး ထက်ပိုမစီးရန် ကြိုတင်ထုတ်ပြန်ထားမှု မရှိခြင်း၊ ယာဉ်မောင်း၏ အသက်အာမခံနှင့် လုံခြုံရေးထားရှိမှုအပိုင်း အတိအကျ မသိရှိရခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

Grab Myanmar ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလမှစတင်၍ မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလအတွင်းက Application အသစ်​ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ ယင်း Application အသစ်တွင် ယခင်ကဲ့သို့ ခရီးသည်သွားရောက်မည့်နေရာ ပါဝင်ခြင်းမရှိတော့ကြောင်းသိရသည်။

“ပထမ Application တုန်းကတော့ ကျွန်တော်တို့အားလုံးအတွက်​ အဆင်ပြေနေတယ်။ ခရီးသည်သွားမယ့်နေရာကို ကြိုသိရတယ်။ ကျွန်တော်တို့အတွက် save ဖြစ်တယ်ပေါ့။ အခုပြောင်းလိုက်တဲ့ Application ကတော့ ခရီးသည်ဘယ်သွားမလဲ ဆိုတာ သူကားပေါ်ရောက်မှ သိရတဲ့အတွက် သူသွားမယ့်နေရာရယ် အချိန်မရှိအခါမရှိတဲ့အချိန်ရယ် လူပြတ်တဲ့နေရာတွေလည်း ဖြစ်နေခဲ့မယ်ဆိုရင်​ ကျွန်တော်တို့အတွက် လုံးဝ အဆင်မပြေဘူး။
ဒီလိုလုပ်​တာဟာ Grab ကို ဒီနိုင်​ငံက​နေ 
မောင်းထုတ်​ဖို့မဟုတ်​ဘူး ။သူတို့​ပြောခဲ့သလို လူရှာဖို့ မလိုဘူးဆိုတာဟုတ်​ပါတယ်​။ ဒါ​ပေမယ့်​ တကယ်​အဆင်​မ​ပြေတဲ့ဟာက ကျွန်​​တော်​တို့ရဲ့ အသက်​အန္တရာယ်​နဲ့ သက်ဆိုင်တဲ့အတွက်
တောင်းဆိုရတာပါ။”ဟု Grab Taxi ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုစိုးကြီးက ပြောသည်။

Grab အမှတ်တံဆိပ်ကို ကြက်​ခြေခတ်ထားသော စတစ်​ကာ ကမ်​ပိန်းနှင့်​ ဖဲကြိုးဖြူ လှုပ်​ရှားမှုကို
မေလ ၂၁ ရက်က Grab Myanmar ကုမ္ပဏီကို ကန့်ကွက်သည့် ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် Grab အဖွဲ့ဝင် အငှားတက္ကစီယာဉ်မောင်း အဖွဲ့များဖြစ်သော Yangon Taxi Drivers (YTDG) အဖွဲ့၊ ကီလိုတက္ကစီအဖွဲ့ (KTG)၊ နယ်လိုင်စင်တက္ကစီအဖွဲ့တို့ပါဝင်သည့် အင်အား ၃၀ ကျော်ဖြင့်စတင်​ ပြုလုပ်​ခဲ့ခြင်းဖြစ်​သည်​။

ယင်းလှုပ်​ရှားမှုကို မူလ Application ပြန်​လည်​​ပြောင်းလဲ​ပေးသည်​အထိ ရက်​အကန့်​သတ်​မရှိ
ပြုလုပ်​သွားမည်​ဟုဆိုသည်​။

Grab Myanmar ကုမ္ပဏီသည် ၂၀၁၇ နှစ်လည်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကာ၊ မြန်မာနိုင်ငံအနှံ့ မိတ်ဖက်ယာဉ်မောင်းများနှင့် အငှားတက္ကစီ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး စင်္ကာပူနိုင်ငံအခြေစိုက် အဆိုပါ Grab ကုမ္ပဏီသည် အရှေ့တောင်အာရှ ဒေသအတွင်း၌ သယ်ယူပို့ ဆောင်ရေးလုပ်​ငန်းများ ၊အစားအစာနှင့်​ အထုပ်​အပိုးပို့​ဆောင်​​ရေးလုပ်​ငန်း ၊မိုဘိုင်းလ်​​ငွေ​ပေး​ချေ​ရေးစနစ်​နှင့်​ ​ငွေ​ကြေးဆိုင်​ရာဝန်​​ဆောင်​မှု
လုပ်​ငန်းများကို လုပ်​ကိုင်​​ဆောင်​ရွက်​​နေသည့်​ ကုမ္ပဏီတစ်​ခုလည်းဖြစ်​သည်​။

Leave a Reply