ရပ်ကွက်နေပြည်သူများ လက်မခံသည့် ILBC ကျောင်း ဒဏ်ကြေးပေးပြီးဖွင့်

0
166

ရန်ကုန်။ဒီဇင်ဘာ ၁၄။၂၀၁၇။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းတွင် ဖွင့်လှစ်ထားသည့် ILBC ကျောင်းကို ပြောင်းရွေ့ပေးရန် ရပ်ကွက်နေ ပြည်သူများက တောင်းဆိုထားသော်လည်း စည်ပင်သာယာရေး ကော်မတီသို့ ဒဏ်ကြေးပေးဆောင်ပြီး ဆက်လက်ဖွင့်နေကြောင်း စုံစမ်းသိရှိရသည်။

“စည်ပင်က တရားစွဲတော့ ဒဏ်ကြေးလေးဆောင်ပြီးတော့ပဲ ဆက်ဖွင့်နေတယ်။ ဒီလိုဒဏ်ကြေးဆောင်ပြီး ဆက်ဖွင့်နေတာက ရပ်ကွက်ထဲ လမ်းထဲမှာနေတဲ့သူတွေခံစားနေရတဲ့ ဒုက္ခကို မကုစားပေးနိုင်ဘူး။ ကျနော်တို့ဖြစ်စေချင်နေတာက ဒီကျောင်းကို လမ်းထဲကနေ ပြောင်းပေးဖို့ပဲလိုချင်တာ။ မရ ရ တဲ့အထိတောင်းမယ်။ နောက်ဆုံးအဆင့်မှာတော့ ဆန္ဒပြမယ်။ “ ဟု လမ်းသာယာရေးကော်မတီ အဖွဲ့မှ ဦးကိုကိုအောင် က ပြောကြားသည်။

အဆိုပါ ILBC ကျောင်းကို ရပ်ကွက်နေပြည်သူများထောက်ခံချက် တင်ပြနိုင်မှသာ ကျောင်းဖွင့်လိုင်စင်ထုတ်ပေး မည်ဖြစ်ကြောင်း ညွှန်ကြားစာထုတ်ပြန်ထားပြီး ကျောင်းကိုပိတ်သိမ်းရန် သုံးကြိမ်တိုင်တိုင် အကြောင်းကြားထားသော်လည်း လိုက်နာမှုမရှိသောကြောင့် ရန်ကင်းမြို့နယ်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ ၁၄ ရက်တွင် စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။

ကျောင်းပတ်ဝန်းကျင်တွင်နေထိုင်သော ပြည်သူ ၁၀ ဦးထောက်ခံချက် ရလျှင်ပင် ကျောင်းဆက်လက်ဖွင့်ခွင့် ရမည်ဖြစ်သကဲ့သို့ ထောက်ခံချက်မရခဲ့လျှင်လည်း ရာဇဝတ်မှုမဟုတ်သောကြောင့် ကျောင်းကိုဖြိုချဖျက်ဆီးခြင်း လည်းပြုလုပ်၍ မရကြောင်းလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီ မှ အမည်မဖော်လိုသူတစ်ဦးက ရှင်းပြသည်။

ယခုနှစ် သြဂုတ်လအတွင်းကလည်း အဆိုပါကျောင်းကိစ္စနှင့်ပတ်သက်၍ ကျောင်းဆင်းကျောင်းတက်ချိန်များ တွင် ကျောင်းကြိုပို့ယာဉ်များကြောင့် ဆိုးဆိုးဝါးဝါး လမ်းပိတ်ဆို့သည်ဟုဆိုကာ ရပ်ကွက်အတွင်း နေထိုင်သောပြည်သူများက မီဒီယာများကို ဖိတ်ကြားပြီး
သတင်းစာရှင်းလင်းပွဲတစ်ခုလည်း ပြုလုပ်ခဲ့သေးသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်လည်း ရပ်ကွက်အတွင်းနေထိုင်သော ပြည်သူများက ILBC ကျောင်း ပြောင်းရွေ့ပေးရေးကိုသာ တညီ တညွှတ် တည်းတောင်းဆိုခဲ့ကြသည်။

“ကျောင်းဖက်ကလည်း ဒဏ်ငွေဆောင်ပြီးတော့ ဆက်ဖွင့်မယ်ပေါ့။ စည်ပင်ဖက်ကလည်း ဒီပုဒ်မနဲ့မရ ရင် နောက်ပုဒ်မတစ်ခုပြောင်းပြီး စွဲမယ်ပေါ့။ ကိုယ်စားလှယ်တွေအနေနဲ့က ဘာမှ လုပ်ပေးလို့မရဘူး။ ရပ်ကွက်ဖက် ကလည်းမလျော့ ကျောင်းဖက်ကလည်း ဒဏ်ကြေးလေး တစ်သောင်းလောက် ဆောင်ပြီးတော့ ဆက်ဖွင့်နေတယ်ဆိုတော့ ဘာလုပ်ပေးရမှန်းမသိဘူး။ ကျောင်းဖက်ကတော့ မြေနေရာ ရှာထားတယ်လို့ တော့ကြားတယ်။ ဒဏ်ကြေးက တစ်ရက်တစ်သောင်း တစ်လ သုံးသိန်းပေးဆောင်ပြီးနေနေတဲ့သဘောပေါ့။ “ ဟု ရန်ကင်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၂ ကိုယ်စားလှယ် ဦးသိန်ဇော် က ပြောသည်။

ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ ILBC ကျောင်းသည် နိုင်ငံတကာ သင်ရိုးများကို သင်ကြားနေသော သူငယ်တန်းနှင့် မူလတန်း အဆင့်ကျောင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply