ဓါးဖြင့် ခုတ် ၊ တုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

0
188

မန္တလေး။ ဒီဇင်ဘာ ၁၅။ ၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သဲတောကျေးရွာ တံတားဦး – မြို့သာ ကားလမ်း မိုင်တိုင် ၄၉၇ အနီးတွင် ဓါးဖြင့်ခုတ် ၊ တုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယူမှုတစ်ခု ဒီဇင်ဘာလ ၁၄ရက် ည၈နာရီ၃၀ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ဖြစ်စဉ်မှာ ဦးစိုးပိုင် (၅၂) နှစ် နှင့် ဦးကျော်ဝင်း (၆၁) နှစ်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို အခင်းဖြစ်ပွားရာနေရာတွင် ဆိုင်ကယ် (၂) စီးမောင်းနှင်လာသည့် အမည်မသိ လူ(၄) ဦး က ဓါးဖြင့်ခုတ် ၊ တုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားခြင်းဖြစ်သည် ။

ထိုသို့ ဓါးဖြင့်ခုတ် ၊ တုတ်ဖြင့်ရိုက်နှက် ခံရသည့်အတွက် ဦးစိုးပိုင် မှာ ယာနားထင် ပြတ်ရှဒဏ်ရာ ၊ ဝဲ ရင်ဘတ် ပြတ်ရှဒဏ်ရာနှင့် နောက်ကျောတွင် ထိုးသွင်း ဒဏ်ရာ (၁၁) ချက် ရရှိခဲ့ပြီး ဦးကျော်ဝင်းမှာ ဝဲ ချိုစောင်းပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဦးစိုးပိုင်နှင့် ဦးကျော်ဝင်းတို့မှာ တံတားဦးဆေးရုံတွင် ဆေးကုသမှုခံနေရပြီး ဦးစိုးပိုင်၏ ဒဏ်ရာများမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကာ ဦးကျော်ဝင်းမှာ မစိုးရိမ်ရကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အမည်မသိ လူ(၄) ဦးအား ဖမ်းစီးရမိရန် တံတားဦးမြို့မရဲစခန်းမှာ (ပ)၂၉၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရအမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply