တရုတ်နိုင်ငံသားပိုင် တရားမဝင် လောင်းကစားဆိုင်အား အရေးယူ

0
176

မန္တလေး။ ဒီဇင်ဘာ ၁၅။၂၀၁၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ၆၄ လမ်း နှင့် လမ်း ၄၀ ထောင့်ရှိ တရုတ်နိုင်ငံသားပိုင် တရားမဝင်ဖွင့်လှစ်ထားသည့် ငါးဂိမ်းဆိုင်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က အရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သတင်းအရဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ဝန်ထမ်း အေးအေးအောင် (၁၈) နှစ်ပါ (၅) ဦး နှင့် လောင်း ကစားပြုလုပ်သူ မင်းဆွေ (၃၃) နှစ် အပါအ၀င် (၉) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည် ။ ထို့အပြင် လောင်းကစားစက် (၅) လုံး ၊ လောင်းကြေးငွေ ကျပ်သုံးသိန်းကျော် ၊ လက်ကိုင်ဖုန်း (၇) လုံး နှင့် လောင်းကစားလုပ်နေသူများ စီးနင်းအသုံးပြုသည့် ဆိုင်ကယ် (၉) စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆိုင်ပိုင်ရှင်မှာ တရုတ်နိုင်ငံသား Mr. Weng Ge ဖြစ်ပြီး မန်နေဂျာမှာ အောင်အောင် ဆိုသူဖြစ်ကာ ထွက်ပြေးတိမ်းရှောက်နေကြောင်း သိရသည်။ ဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသား Mr. Weng Ge ၊ ဆိုင်မန်နေဂျာ အောင်အောင် ၊ ဆိုင်ဝန်ထမ်း အေးအေးအောင်အပါ အ၀င် (၅) ဦး နှင့် လောင်းကစားပြုလုပ်သူ မင်းဆွေ ပါ (၉) ဦး ၊ စုစုပေါင်း (၁၆) ဦးကို မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၇၇၅/၂၀၁၇ ၊ လောင်းကစား ဥပဒေပုဒ်မ ၁၃ (က) / ၁၄ (က) တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံသား Mr. Weng Ge ကို ခွင့်ပြုချက်ရယူခြင်းမရှိပဲ တရားမဝင်ဂိမ်းစက်များကို ပြည်ပမှ တင်သွင်းလာသည့်အတွက် မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၇၇၆/၂၀၁၇ ၊ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထပ်မံအမှုဖွင့်ထားပြီး ထွက်ပြေးတရားခံများ ဖမ်းမိစေရေး အတွက် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

နိုင်လင်းဦး

Leave a Reply