ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာမီဒီယာလောကရဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို ပြည်တွင်းရှိ သတင်းစာ ဆရာများက ဝေဖန်သုံးသပ်ပေးထား ပါတယ်။ စာဖတ်သူများ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

0
188

သတင်းစာဆရာ ဦးရဲနိုင်မိုး

ရန်ကုန်သတင်းစာပညာကျောင်း (YJS) တည်ထောင်သူ

ဒီဖက်နောက်ပိုင်း သတင်းသမားတွေကို တရားစွဲဆိုတာတွေ တစ်မှုပြီး တစ်မှုတိုးလာတာနဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကျနော်က လေးလေးနက်နက် စိုးရိမ်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မတန်ခက်ခဲတဲ့ကြားထဲက လူငယ် သတင်းသမားတွေ အလုပ်လုပ်နေရတဲ့အချိန်မှာ သူတို့ကို ပြင်းထန်တဲ့ ဥပဒေတွေ ပုဒ်မတွေနဲ့ စွဲဆိုနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အနာဂတ်အတွက် သိပ်ပြီးတော့ မကောင်းမွန်လှပါဘူး။ ဒါကို တရားစွဲဆိုတဲ့ ဝန်ကြီးဌာကတစ်ခုလုံးသာမက အစိုးရတစ်ဖွဲ့လုံးရဲ့ မူဝါဒမှာကိုက သတင်းစာဆရာတွေ စတုထ္တမဏ္ဍိုင်တွေကိုက လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတယ်ဆိုတာတဲ့ အသိအမှတ်ပြုမှုမျိုး ရှိစေချင်ပါတယ်။
နိုင်ငံတကာရဲ့အမြင်မှာတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်က ပိုပြီးကျဆင်းလာနိုင်တယ်လို့ မြင်နိုင်ပါတယ်။ နောက်တစ်ခုက ထပ်ပြီးမြင်နိုင်တာက ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ သတင်းသမားတွေအနေနဲ့ အလုပ်လုပ်နိုင်ခွင့်ကို အစိုးရက ထိန်ချုပ်ထားတယ်လို့ပိုပြီးတော့ မြင်နိုင်ပါတယ်။
ပြန်ကြားရေးရဲ့အခန်းကဏ္ဍအနေနဲ့ကတော့ လောလောဆယ်မှာ ဘယ်အခြေအနေမှာ ရှိနေသလဲဆိုတာ သိပ်မသိလှပါဘူး။ ဒါပေမယ့်လည်း အစိုးရတဖွဲ့လုံးရဲ့ဝန်ကြီးဌာနတွေအချင်းချင်း ပြန်လှန်ထိန်းကြောင်းတာ၊ ပြန်လှန်ကူညီတာတွေပေါ့။ ပြန်ကြားရေးအနေနဲ့ပြောရမယ်ဆိုရင် ဒီသတင်းထောက် လူငယ်တွေနဲ့ ထိတွေ့မှု အရှိဆုံး ဝန်ကြီးဌာနဖြစ်တဲ့ အတွက် သူတို့ဖက်က ကူညီပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။လက်ရှိမြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းအသီးသီးက တောင်းဆိုချက်တွေထုတ်ပြန်နေတာ အားလုံးလည်းတွေ့နေရတာပဲလေ။ ထောက်ခံစရာရှိတာကို ထောက်ခံတယ်။ တောင်းဆိုစရာရှိတာကိုတောင်းဆို တယ်။ အင်မတန်ကောင်းပါတယ်။ တကယ်တမ်းကတော့ သတင်းစာ အသင်းတွေက ထုတ်ပြန်ချက်တွေနဲ့ပဲ ညီညီညွှတ်ညွှတ်ပဲ တောင်းဆိုနိုင်တာပါ။ အစိုးရဖက်က ဒီပေါ်မှာသဘောထား ရပ်တည်ချက် ခိုင်ခိုင်မာမာ ရှိဖို့က ပိုအရေးကြီးပါတယ်။

ဦးကျော်မင်းဆွေ 

The Voice Journal (အယ်ဒီတာချုပ်)

သတင်းထောက်နှစ်ယောက် ဖမ်းခံရတာနဲ့ပတ်သက်ပြီး စုံစမ်းကြည့်တော့ သူတို့ တရားဝင်သတင်း အချက်အလက် ရယူစုဆောင်း တဲ့အဆင့်ပဲ ရှိပါတယ်။ သတင်းကိုရောင်းစားဖို့လုပ်တာလည်း မဟုတ်ဘူး။ ထုတ်ပြန်ဖို့လုပ်တာလည်း မလုပ်သေးဘူး။ လောလောဆယ်မှာ ဥပဒေချိုးဖောက်တဲ့ အဆင့်မရောက်သေးဘူး။ သတင်းသမားအားလုံးဟာ တရားဝင်သတင်းအချက်အလက် ရယူခွင့်ရှိတယ်။ သူတို့ဟာ မသာမာတဲ့ နည်းနဲ့ သတင်းအချက်အလက်ရယူထားတာလည်း မဟုတ်ဘူးလို့ သိရတယ်။ သတင်းရင်းမြစ်နဲ့ တရားဝင်သတင်းရယူ ထားတာလို့သိရတယ်။ ကျင့်ဝတ်နဲ့အညီ သတင်းရယူထားတာလို့သိရတယ်။ အဲဒါကြောင့် ရောင်းစားဖို့သတင်းရ ယူတယ်လို့ ခေါင်းစဉ်တပ်ထားတာက ပိုပြီးကျင့်ဝတ်နဲ့ မညီဘူးလို့မြင်တယ်။ ပြန်ကြားရေး ဝက်ဆိုက်မှာ တင်တဲ့သတင်းကမှ ပိုပြီးကျင့်ဝတ်နဲ့ မညီဘူးလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောင်းစားဖို့လို့ စွပ်စွဲချက်ဟာ ဘာအထောက်အထားမှ မရှိဘဲနဲ့ ရာဇဝတ်မှုတစ်ယောက်လို ဓာတ်ပုံရိုက်ပြီးတင်တာက တော်တော်လေးကျင့်ဝတ်နဲ့ မညီဘူးလို့မြင်တယ်။ အချို့ကိစ္စတွေဟာ အမျိုးသားရေးအမြင်နဲ့ အလွန်ကြည့်လို့မရဘူး။ နောက်တစ်ခုက နိုင်ငံတကာကလည်း ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး အကဲဆက်ပြီး ကြည့်နေတဲ့အချိန် နိုင်ငံတကာသတင်းမီဒီယာတွေကလည်း တခြမ်းစောင်းပြီးကြည့်နေတဲ့ အချိန်မှာ မခိုင်လုံသေးဘဲနဲ့ အုံ့အော်သောင်းနင်းဖြစ်အောင် အရေးယူလိုက်တာဟာ အတော်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ အကယ်၍ သူတို့ဟာ ပြစ်မှုကျူးလွန်သည်ပဲထားအုံး။ ကျူးလွန်တယ်လို့ပြောတာ မဟုတ်ဘူး။ ကျူးလွန်ခဲ့လျှင်တောင် သိုသိုသိပ်သိပ်နဲ့ သိမ်သိမ်မွေ့မွေ့နဲ့ အသာလေး ဖြေရှင်းသင့်တယ်။

ဦးဇော်သက်ထွေး

ဦးဆောင်ကော်မတီ (မြန်မာစာနယ်ဇင်း သမဂ္ဂ)

သတင်းသမားနှစ်ယောက်ဖမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းအဖွဲ့ အစည်းပေါင်း ၁၄ ခုနဲ့ ပူးပေါင်းပြီး ပြန်လည်လွှတ်ပေးဖို့တောင်းဆို ထားတာတော့ရှိတယ်။ နှစ်ပိုင်းရှိတာပေါ့ ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ သတင်းသမားရဲ့ ရပိုင်ခွင့်ရှိတာပေါ့။ အဲဒီ့နှစ်ခု ထိပ်တိုက်လာတွေ့တဲ့ အချိန်မှာ ဥပေဒေကိုင်တွယ်တဲ့သူတွေ အနေနဲ့ မီဒီယာကျင့်ဝတ်ဥပေဒေကို လိုက်နာကျင့်သုံးစေချင်တာပေါ့။ သတင်းသမားတွေဟာ ပြည်သူတွေသိခွင့် ရှိသည့် သတင်းတွေကို ရပိုင်ခွင့်ရှိသည်လို့ ပြဌာန်းထားတဲ့အတွက် သတင်းသမားတွေဟာ မီဒီယာဥပဒေရဲ့ အကာအကွယ်ကို ရသင့်ပါတယ်။ တဖက်မှာက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ဥပဒေရဲ့ မညီညွှတ်ပဲ ယူတယ်ဆိုတာကို မီဒီယာတွေသိရှိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ လိုတာပေါ့။ အဲဒီမဟုတ်ဘဲနဲ့ ဖမ်းဆီးလိုက်တဲ့အခါကျတော့ သတင်းသမားတွေကို နှိပ်ကွပ်တာလား ဖမ်းဆီးတာလားလို့ ထင်နေကြပြီး ပိုပြန့်သွားတာပေါ့။ ရဲတပ်ဖွဲ့ အနေနဲ့လည်း ဒီ့ထက်ပြည့်ပြည့်စုံစုံလေး သတင်းထုတ်ပြန်ပေးဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ ယခင်အစိုးရတွေနဲ့ သတင်းမီဒီယာပေါ်ထားတဲ့သဘောထားက ဘာမှ ကြီးကြီးမားမား ပြောင်းလဲသွားတာမရှိသေးဘူးလို့ မြင်တယ်။

ဦးမြင့်ကျော်

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ

သတင်းသမားတွေ သွားတဲ့အပေါ်မှာကို စောင့်ပြီးတော့ဖမ်းတယ်။ နောက်ပြီး တပ်ထားတဲ့ပုဒ်မကလည်း ပြင်းထန်တယ်။ ကြောက်လန့် စရာကောင်းတဲ့ ပုဒ်မပေါ့။ သတင်းမီဒီယာတွေ အကုန်လုံးကတော့ ဒီပုဒ်မနဲ့ ဘယ်သူမှ အစွဲမခံချင်ကြဘူး။ ဒီပုဒ်မက သတင်းမီဒီယာသတင်းတွေကို ပိုပြီးခြိမ်းခြောက်တယ်။ ပိုပြီးကြောက်လန့်အောင်လုပ်တယ်။
လက်ရှိဥပဒေတွေမှာကို မီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေရှိသေးတယ်။ ၆၆ ဃ ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ တခါတလေ ပိုင်နက်ကျူးလွန်မှုစွဲတာတွေ၊ ၁၇ (၁) နဲ့စွဲတာတွေရှိနေတယ်။ ဒီအခြေအနေမှာ သတင်းသမားတွေက ဒီဥပဒေတွေကို သေချာလေ့လာ ထားသင့်တယ်။သတင်းသမားတွေဖက်ကကျင့်ဝတ်နဲ့ သတိကြီးကြီးထားဖို့ ပိုပြီးလိုလာပြီလို့ တွေ့ လာရတယ်။အဲဒီလိုလုပ်နေရင်လည်း အဖမ်းမခံရနိုင် ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သတိထားရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။

ဦးစိန်ဝင်း

Training Director ( Myanmar Journalism Institute )

သတင်းသမားဆိုတာက အစိုးရကို အလုပ်အကျွေးပြုရတာမဟုတ်ဘူး။ ပြည်သူကို အလုပ်အကျွေးပြုရတာ။ အစိုးရရဲ့လုပ်ဆောင်ချက်တွေ မှန်လား၊ မှားလား သိနိုင်ဖို့အတွက် ဖော်ထုတ်ရတယ်။ အဲဒီလို ဖော်ထုတ်ရာမှာ သတင်းရင်းမြစ်တွေနဲ့ ဆက်ဆံရတယ်။ သူတို့ပေးလိုက်တဲ့ အထောက်အထားတွေကို ကျနော်တို့က ယူရတာပဲ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထုတ်သင့်တာကို ထုတ်တယ်။ မထုတ်သင့်တာကို မထုတ်ဘူး။ ဒါမျိုးတွေလုပ်ရတာပေါ့။ အခုတော့ နိုင်ငံတော်လျှို့ဝှက် ဥပဒေနဲ့တရားစွဲတယ်ဆိုတော့ နည်းနာပိုင်းရော၊ သဘောတရားပိုင်းရော လွဲတော့လွဲနေတယ်။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်မှာကိုက သတင်းသမားတွေကို ကြောက်သွားစေချင်တာ။ ဒါမျိုးတွေ မလုပ်နဲ့။ ဒါမျိုးတွေ လာမထိနဲ့ဆိုတဲ့ မက်ဆေ့ ပေးချင်တာက များနေတယ်။ ဒါမျိုးတွေကို ပြင်နိုင်တဲ့သူတွေကလည်း နည်းနေတယ်။

စုစည်းတင်ပြသူ- သျှင်ရဲထွဋ်

စုစည်းတင်ပြသူ- သျှင်ရဲထွဋ်

Leave a Reply