ဂါဇာ၌ အစ္စရေးတပ်များ၏ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသည့် ပါလက်စတိုင်းသားသုံးဦးသေဆုံး

0
206

ဂါဇာစီးတီး၊ ဒီဇင်ဘာ ၁၆

အမေရိကန်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပါလက်စတိုင်းသားများသည် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်နေခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်တွင် ဂါဇာ၌ အစ္စရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ဆုံတွေ့ပြီးနောက် ပါလက်စတိုင်းသားသုံးဦးသေဆုံးခဲ့သည်။

ဂါဇာနှင့် အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေဒေသတို့၌ အစ္စရေးတပ်များနှင့် ပါလက်စတိုင်းသားတို့ကြား ထိပ်တိုက်ဆုံမှုကြောင့် လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတိုင်းသားအား ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်ချိန်မှစပြီး အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။ အစ္စရေးသည် ဂျေရုဆလင်တစ်မြို့လုံးအား ၎င်းတို့၏မြို့တော်အဖြစ် သတ်မှတ်ထားပြီး ပါလက်စတိုင်းသားများကလည်း ၎င်းတို့၏ အနာဂတ်နိုင်ငံတော်၏ြ်မို့တော်အဖြစ် အလားတူသတ်မှတ်ထားသည်။

ထရမ့်၏ထုတ်ပြန်ချက်ကို အာရပ်နှင့် မွတ်စလင်ကမ္ဘာက ရှုတ်ချထားသော်လည်း အစ္စရေးကမူ ရဲရင့်သောကြေညာချက်ဖြစ်ကြောင်း ပြောဆိုထားသည်။ ထရမ့်၏ကြေညာချက်ကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်၏ကြားနေစေ့စပ်သူအဖြစ် ရပ်တည်မှု အဆုံးသတ်သွားပြီဖြစ်သည်။

ယခုသေဆုံးသော ပါလက်စတိုင်းသားများသည် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်းနှင့် အနောက်ပိုင်းနယ်စပ်တို့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပါလက်စတိုင်းဆေးကုသရေးသတင်းအရင်းအမြစ်များကပြောဆိုခဲ့သည်။ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့( အိုင်ဒီအက်ဖ်)ကပြောဆိုခဲ့သည်။

သောကြာနေ့ မွတ်စလင်များ ဝတ်ပြုဆုတောင်းပြီးနောက် ပါလက်စတိုင်းသားများနှင့် အစ္စရေးတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံကြခြင်းဖြစ်သည်။ ပါလက်စတိုင်းသားများသည် ကားတာယာများကို မီးရှို့ခြင်း၊ အစ္စရေးတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းကို ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်များကလည်း မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကာ လူစုခွဲခဲ့သည်။

အနောက်ဘက်ကမ်းခြေရှိ ရာမာလာမြို့၌ ပါလက်စတိုင်းသားတစ်ဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့ရာ အခြားရဲတပ်ဖွဲ့ဝင်များက ပါလက်စတိုင်းသားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်သည့် ဒီဇင်ဘာ ၆ ရက်မှစပြီး ဆူပူအုံကြွမှုများအတွင်း ပါလက်စတိုင်းသားရှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

သေဆုံးသူများအနက် နှစ်ဦးသည် စစ်သွေးကြွများဖြစ်ပြီး ၎င်းတို့သည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို သယ်ပို့ရင်း မတော်တဆပေါက်ကွဲကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ဂါဇာ၌ ပါလက်စတိုင်းသားများ ဆူပူအုံကြွခဲ့စဉ်။

Leave a Reply