ပိုက်ဆံအိတ်လုယူထွက်ပြေးသွားသူများကို ဖမ်းမိ

0
187

မန္တလေး၊ဒီဇင်ဘာ ၁၇၊၂၀၁၇

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲနှင့် သိပ္ပံလမ်းကြား၊ ရန်ကုန်-မန္တလေး စက်ဘီး/ဆိုင်ကယ်လမ်း၊ ILBC ကျောင်းရှေ့တွင် ဒီဇင်ဘာလ၁၆ ရက်နေ့က ပိုက်ဆံအိတ်လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ၎င်းနေ့မှာပင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည် ။

ဖြစ်စဉ်မှာ မဝါထွေးဖြူ နှင့် သူငယ်ချင်းဖြစ်သူ မတင်မာဦး တို့သည် ဆိုင်ကယ်ဖြင့် ကားကွင်းသို့ ပါဆယ်ထုတ်ပို့ရန် သွားစဉ် စစ်ကိုင်းလမ်းခွဲနှင့် သိပ္ပံလမ်းကြား၊ ရန်ကုန်-မန္တလေး စက်ဘီး/ဆိုင်ကယ်လမ်း၊ ILBC ကျောင်းရှေ့ တွင် ဆိုင်ကယ်မောင်းနှင်လာသူ နှစ်ဦးအနက် နောက်မှ ထိုင်လိုက်သူက ပိုက်ဆံအိတ်များကို လုယူထွက်ပြေးသွားခြင်း ဖြစ်သည်။

ပိုက်ဆံအိတ်များ အလုခံရမှုကြောင့် ကာယကံရှင် မိန်းခလေးနှစ်ဦးမှ အော်ဟစ်အကူအညီတောင်းခဲ့ကြပြီး တာဝန်သိပြည်သူများမှ ကူညီ၍ဖမ်းဆီးရာ သိပံ္ပလမ်း၊ ရန်ကုန်-မန္တလေးလမ်း၊ ရေနီမြောင်းလမ်းကြားတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပိုက်ဆံအိတ်လုယူသူများသည် စစ်ကိုင်းမြို့တွင် နေထိုင်သူများဖြစ်ပြီး လုံခေါင်(ခ)မင်းမင်းဦး ၁၈နှစ်နှင့် အောင်ခန့်ဖြိုး(ခ)ဖိုးခန့် ၁၈နှစ် တို့ဖြစ်ကာ၎င်းတို့ ၂ ဦးအား အမှတ် (၁၁)နယ်မြေရဲစခန်းတွင် (ပ)၅၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

နိုင်လင်းဦး

Leave a Reply