အငြင်းပွားမြေပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲပြုလုပ်ခြင်းကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

0
212

ဇွန် ၁၉
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ အငြင်းပွားမှုဖြစ်ပေါ်နေသည့် မြေပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲပြုလုပ်ခြင်းကို ဒေသခံများ က ကန့်ကွက်ဆန္ဒပြခဲ့သည်။

သစ်ပင်စိုက်ပွဲပြုလုပ်ခဲ့သည့်မြေသည် ၁၉၈၉ ခုနှစ်က စက်မှုတက္ကသိုလ် (ယခုမန္တလေး နည်းပညာတက္ကသိုလ်) တည်ဆောက်ရန် သိမ်းယူထားသည့်မြေဖြစ်ပြီး တောင်သူများကလည်း ပြန်လည် စွန့်လွှတ်ရန် တင်ပြတောင်းဆိုထားသည့် မြေဖြစ်သည်။

” ဒီမြေတွေကို ပြန်ပေးဖို့ စီစစ်နေတယ်ဆိုတာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ပြောထားတာရှိပါတယ်။ ဒါကို သစ်ပင်စိုက်ပြီးနေရာဦးတာကို ကျွန်တော်တို့ လုံးဝကန့် ကွက်ပါတယ် ။ လက်လည်း လက်မခံနိုင်ဘူး ။ ဒီဟာက အမေစုကို ခေါင်းစဉ်တပ် ခုတုံးလုပ်တဲ့ ပုံစံမျိုးလို့ ကျွန်တော်မြင်ပါတယ် ” ဟု ဆန္ဒပြတောင်သူ ကိုအောင်ကိုကို က ပြောသည။

ကန့်ကွက်ဆန္ဒပြရာတွင် နေရာဦး သစ်ပင်စိုက်ပျိုးမှု အလိုမရှိ ၊ စီမံကိန်း မအောင်မြင်မြေများ ဥပဒေအရပြန်ပေးပါ ၊ တောင်သူများဘဝ သနားစရာ စသည့် ဆိုင်းဘုတ်များကိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည် ။

“ဒီလိုဆန္ဒပြတာကို ဘာမှ ပြောစရာမရှိပါဘူး ။သစ်တောဦးစီးဌာနအနေနဲ့ တက္ကသိုလ်စိမ်းလန်းစိုပြေအောင် နောက်ပြီး သစ်တောဦးစီးဌာနရဲ့ လုပ်ငန်းတစ်ရပ်အနေနဲ့ရော အထိမ်းအမှတ်တစ်ခုအနေနဲ့ရော နှစ်တိုင်းပဲ ပူးပေါင်းပြီး သစ်ပင်စိုက်ကြတာပါ ” ဟု မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး က ပြောသည်။

ယင်းသစ်ပင်စိုက်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ သက်ဆိုင်ရာ ဌာနများ မှတာဝန်ရှိသူများတက်ရောက်ကာ သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

၁၉၈၉ ခုနှစ်က စက်မှုတက္ကသိုလ် (ယခုမန္တလေး နည်းပညာတက္ကသိုလ်) တည်ဆောက်ရန် တောင်သူများထံမှ စိုက်ပျိုးမြေ (၇၀၄) ဧက အား သိမ်းယူခဲ့ပြီး ဧက ၂၀၀ ခန့်သာ စီမံကိန်း အသုံးပြုခဲ့ရာ စီမံကိန်း အသုံးပြု ထားခြင်းမရှိသေးသောမြေ ဧက (၅၀ဝ) ကျော်ကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်သူများက တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။

Leave a Reply