အခြေခံဥပဒေပြင်ဆင်ရေးသည် ရှစ်လေးလုံးပါတီ၏ ပန်းတိုင်မဟုတ်ကြောင်း ဦးကိုကိုကြီးပြော

0
170

ရန်ကုန် ၊ဒီဇင်ဘာ၁၈ ၊၂၀၁၇

အခြေခံဥပဒေပြင်ဆင်ရေးသည်ပါတီ၏ပန်းတိုင်မဟုတ်ပဲ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်ပါတီ၏ ပန်းတိုင်ဖြစ်ကာ ပန်းတိုင်သွားသည့်လမ်းကြောင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် တစ်ပါတည်း လုပ်ဆောင်သွားရမည့် မှတ်တိုင်တစ်ခုသာဖြစ်ကြောင်း ရှစ်လေးလုံးပါတီထူထောင်မည့် ဦးဆောင်သူဦးကိုကိုကြီးကပြောသည်။

နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ်အစည်း
အဝေးကို ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် ဒီဇင်ဘာ၁၆ရက်နှင့်၁၇ရက်နေ့များက ကျင်းပခဲ့ပြီး ရှစ်လေးလုံးပါတီ မှတ်ပုံတင်သွားမည်ဟု တရားဝင်အသိပေးခဲ့သည့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီးကယင်းသို့ပြော ဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းဖြစ်ဖို့က ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံသားတိုင်း တန်းတူညီမျှရေး အစရှိတဲ့ ဒါတွေကပန်းတိုင်၊ အဲ့ဒီပန်းတိုင်ကိုသွားတဲ့အခါမှာ ပန်းတိုင်ကပြင်တာတင်မကဘူး၊ အခန့်မသင့် ရင်ထိုင်းမှာဆို အခု၁၈ကြိမ်လောက်ဖြစ်သွားပြီ၊ အဲ့ဒီဖွဲ့စည်းပုံတွေပြင်တာ ဖျက်တာကို အဲ့ပန်းတိုင်ဆိုပြီးသတ်မှတ်နေရင် ဦးတည်ချက်ပျောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ ပန်းတိုင်မရောက်မချင်း ကျွန်တော်တို့မျှော်လင့်တဲ့ဟာတွေက ရှင်းရှင်း လင်းလင်းဖော်ပြပြီးသား။ အဲ့ဖော်ပြချက်တွေကို ဖော်ပြတဲ့နေရာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဆိုတဲ့ဟာတွေက မှတ်တိုင်တစ် ခုဖြစ်တယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြောတာနဲ့ ဒီဖွဲ့စည်းပုံကပြင်ရတော့မယ်”ဟု ဦးကိုကိုကြီးကပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမပေါ်ပေါက်ပင်ကပင် ကန့်ကွက်ခဲ့ပြီး ဖွဲ့စည်းပုံ၏အားနည်းမှု ၊တရားမျှတမှုမရှိခြင်းတို့ကို သိရှိထားသော်လည်း လက်ရှိတွင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပကတိအရှိတရားတစ်ခုအဖြစ် လက်ခံကာပါတီတည် ထောင်ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

ရှစ်လေးလုံးပါတီဟုအမည်ပေးထားသည့် ပါတီသစ်ကိုယခုလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်မှတ် ပုံတင်သွားမည်ဖြစ်ပြီး ပါတီတည်ထောင်ခွင့်ရရှိရေးအတွက်ပါတီတည်ထောင်သူ၁၅ဦးကိုရွေးချယ်သတ်မှတ်သွားမည် ဖြစ်ကာ ပါတီအမှတ်တံဆိပ်နှင့် အလံတို့ကို ရွေးချယ်ပြီးဖြစ်ကြောင်း ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမင်းဇေယျက ပြောသည်။

၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်မှာ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးမြအေးမှာပါတီတွင်ပါဝင်ခြင်းမရှိသော်လည်း ၀န်းရံ သွားမည်ဟုပြောဆိုထားကြောင်း ဦးကိုကိုကြီးကပြောသည်။

တည်ထောင်မည့်ပါတီသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုဦးတည်ထားပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် NLDပါတီတို့ကိုမဟာမိတ်အဖြစ်သတ်မှတ်ကြောင်းဦးကိုကိုကြီးက
ပြောသည်။

ကိုဥာဏ်

Leave a Reply