ဆိုင်ကယ်ဖိုးအကြွေးတောင်းသူအား သတ်မှုဖြစ်ပွား

0
132

ဇွန် ၂၀
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဒေါနခြံရပ်ကွက်တွင် ဇွန်(၁၉)ရက် ည(၉)နာရီကျော်အချိန်ခန့်က ဆိုင်ကယ်ဖိုးရရန်အကြွေးတောင်းရာမှ အကြွေးတောင်းသူကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာကိုသိန်းစိုးအောင်နှင့် ဇနီးမလှလှဌေးတို့နှစ်ဦးသည် ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်၊ အကွက် (၄၄၇)တွင်နေထိုင်သူ ကိုသိန်းထွန်းထံသို့ ရောက်ရှိလာပြီး ဆိုင်ကယ်ဖိုးလက်ကျန်ငွေကျပ်(၃၀၀၀၀) တောင်းခံရာ ကိုသိန်းထွန်းမှ မနက်ဖြန်ပေးမည်ဟုပြောသဖြင့် နေအိမ်သို့ပြန်ရန် ဆိုင်ကယ်စက်နှိုးနေစဉ် ကိုသိန်းထွန်းမှ ကိုသိန်းစိုးအောင်အား စိတ်ဆိုးတာလားဟုပြောဆိုကာ အသင့်ပါလာသော စကေဘာဓားဖြင့် ကိုသိန်းစိုးအောင်အားထိုး၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည် ။

ဓားနှင့် ထိုးလိုက်သည့်အတွက် ကိုသိန်းစိုးအောင်မှာ ဝဲဘက်နို့အုံအောက်ထိုးသွင်းပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်သေဆုံးသွားခဲ့သည်။

“ဒီလိုသေဆုံးမှုဖြစ်ခဲ့တဲ့အတွက် သေဆုံးသူရဲ့ ဇနီးက အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် တရားခံဖမ်းဆီးရမိရေး အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်တယ် ။ တရားခံကို အရင်သူနေခဲ့ဖူးတဲ့ နေရာမှာ ရှိတယ်ဆိုပြီး သိတဲ့အတွက် အဲ့ဒီနေရာလိုက်သွားတော့ ဖမ်းဆီးရမိခဲ့တယ် ” ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

တရားခံသည် ယခင်က အောင်မြေသာစံမြို့နယ်၊ မရမ်းခြံဆိပ်ကမ်းဘက်တွင် နေထိုင်ဖူးပြီး ၄င်းအား (၂၂)လမ်းအနောက် ရှုခင်းသာပန်းခြံအနီး သဲပုံပေါ်တွင်ပုန်းအောင်းနေသည့်အတွက်လုံးထွေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူတစ်ဦးအားသေဆုံးသည်အထိပြစ်မှုကျူးလွန်သူ ကိုသိန်းထွန်းအား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းတွင် (ပ)၁၈၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply