စီအိုင်အေ၏သတင်းပေးမှုကြောင့် ရုရှား၌ အကြမ်းဖက်ရန်စီစဉ်မှုကို ကြိုတင်တားဆီးနိုင်ခဲ့၊ ရုရှားသမ္မတက အမေရိကန်သမ္မတကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောဆို

0
169

မော်စကို ဒီဇင်ဘာ ၁၈

အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန( စီအိုင်အေ) က ရုရှားလုံခြုံရေးတပ်ဖွဲ့များသို့ အချိန်မီသတင်းပေးနိုင်ခဲ့သောကြောင့် စိန့်ပီတာစဘာ့မြို့ရှိ ကာဇန်ဘုရားကျောင်းကို တိုက်ခိုက်မည့် အစီအစဉ်ကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံသို့ ဖုန်းဆက်ကာ
ကျေးဇူးတင်စကားပြောဆိုခဲ့သည်။

သမ္မတပူတင်က သမ္မတထရမ့်ထံသို့ ဖုန်းဆက်ပြောဆိုမှုကို အိမ်ဖြူတော်နှင့် ကရင်မလင်တို့က အတည်ပြုပြောခဲ့သည်။ ကာဇန်ဘုရားကျောင်း၌ ဒီဇင်ဘာ၁၆ ရက်တွင် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးကပြောဆိုခဲ့သည်။လူများစွာသေဆုံးနိုင်ခြေရှိသည့် တိုက်ခိုက်မှုမပြုလုပ်မီတွင် အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင် ခုနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများစွာနှင့် အစွန်းရောက်စာပေများကို သိမ်းဆည်းမိခဲ့ကြောင်း ရုရှားအက်ဖ်အက်စ်ဘီလုံခြုံရေးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအကြမ်းဖက်အဖွဲ့ဝင်များသည် ဘုရားကျောင်းတွင်း ဝတ်ပြုဆုတောင်းနေသူများအား အသေခံတိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း အက်ဖ်အက်စ်ဘီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုရှားအထူးထောက်လှမ်းရေးအဖွဲ့များသည် အကြမ်းဖက်မှုပြုလုပ်ရန် စီစဉ်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အမေရိကန်ထောက်လှမ်းရေးများကိုပေးအပ်မည်ဖြစ်ကြောင်း ပူတင်က ထရမ့်ကို ကတိပြုပြောဆိုခဲ့သည်။ ထို့ပြင် စီအိုင်အေအကြီးအကဲနှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များကို ကျေးဇူးတင်စကားပြောဆိုပေးရန် ပူတင်က အမေရိကန်သမ္မတကိုပြောဆိုခဲ့သည်။

အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့သည် တစ်ပတ်အတွင်း တယ်လီဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့ပြီးဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် ထရမ့်သည် အမေရိကန်၏စီးပွားရေးတိုးတက်မှုကို အသိအမှတ်ပြုခဲ့သည့်အတွက် ပူတင်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ်ဧပြီတွင် စိန့်ပီတာစဘာ့ရထားစနစ်၌ ဗုံးပေါက်ကွဲခဲ့မှုကြောင့် အနည်းဆုံး၁၃ဦးခန့်သေဆုံးခဲ့သည်။အစွန်းရောက်ဝါဒီများ၏လက်ချက် ဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးကပြောဆိုထားသည်။

၂၀၁၇ ခုနှစ်အတွင်း ရုရှား၌ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှု ၁၈ ခုကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း အက်ဖ်အက်စ်ဘီအကြီးအကဲ အလက်ဇန္ဒားဘော့်နီကော့ဗ်က ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ဓာတ်ပုံ။ အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားခံခဲ့ရသည့် ကာဇန်ဘုရားကျောင်း။

Leave a Reply