ငြိမ်းချမ်းရေးတောင်းဆိုသူ (၂) ဦး၏ အမှု ဇွန်လ ၂၇ ရက် တွင် အမိန့်ချမည်

0
179

ဇွန် ၂၁
နိုင်လင်းဦး

တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် စစ်နယ်မြေအတွင်း ပိတ်မိနေသော ပြည်သူများ လွှတ်ပေးရေးအတွက် ဒုတိယအကြိမ် တောင်းဆိုမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ (၂) ဦး၏ အမှုအား ဇွန်လ ၂၇ ရက် တွင် အပြီးသတ်အမိန့်ချသွားမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် တွဲဖက်တရားသူကြီး က ပြောသည်။

ယင်းဖမ်းဆီးခံထားရသူ (၂) ဦးအား ဇွန်လ ၂၁ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် တရားလိုပြသက်သေ (၁) ဦးအား စစ်ဆေးခဲ့သည်။

ကိုသန်းထိုက်(ဗကသ-ဗဟို​ကော်​မတီဝင်​​ဟောင်း) နှင့် ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်) တို့ကို ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး မေလ ၁၂ ရက်နေ့က ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထား ကောက်ခံမှုပြုလုပ်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၄င်းတို့အနေဖြင့် တရားရုံးကို သပိတ်မှောက်ထားသည့်အတွက် တရားရုံးနှင့် ပူးပေါင်းမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုသန်းထိုက်(ဗကသ-ဗဟို​ကော်​မတီဝင်​​ဟောင်း) နှင့် ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်) တို့နှင့်အတူ အမှုဖွင့်ခံထားရသည့် ကိုရဲရင့်ကျော် (ဗကသ-ဗဟို​ကော်​မတီဝင်​​ဟောင်း)အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

မေလ ၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ်ဆန္ဒပြတောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် နှင့် ကဗျာဆရာ ကလင့် (မန္တလေး) တို့ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၂) လစီချမှတ်ခဲ့သည်။

Leave a Reply